ဝါရှင်တန်ဒီစီမြို့တော်မှာ အင်္ဂါနေ့ညက အမေရိကန် သမ္မတ အိုဘားမားရဲ့ သမ္မတအနေနဲ့ ဒုတိယအကြိမ် နှစ်ပတ်လည် နိုင်ငံတော် အခြေပြ မိန့်ခွန်းကို ပြောကြားခဲ့ရာမှာ အမေရိကန် ပြည်ထောင်စုအတွက် သူ့ရဲ့ မျှော်မှန်းချက်တွေနဲ့ သုတေသန လုပ်ငန်းတွေ၊ ထိုးထွင်း တီထွင်မှု လုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း တိုက်တွန်း တောင်းဆို ပြောကြားသွားခဲ့ပါတယ်။
အင်္ဂါနေ့ညက ကွန်ဂရက်ရဲ့ အထက်၊ အောက် လွှတ်တော် ၂ ရပ်လုံးရဲ့ ခန်းမကြီးထဲမှာ ပြောကြားသွားတဲ့ သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းထဲမှာ အမေရိကန် စီးပွားရေး ပြန်ပြီး ဖွံ့ထွားလာဖို့အတွက် နေသားတကျ ပြန်ဖြစ်လာပြီလို့လည်း သူက ဆိုပါတယ်။
အနာဂတ်မှာ နိုင်ငံရဲ့ ခေါင်းဆောင်မှု ကဏ္ဍနဲ့ ပြိုင်ဆိုင်မှု ကဏ္ဍတွေမှာ ခိုင်ခိုင်မာမာဖြစ်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ အလုပ်တွေ ပိုပြီး လုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း သမ္မတရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
သုတေသနနဲ့ ပညာရေးကဏ္ဍမှာ အမေရိကန် ပြည်ထောင်စုထက် ပိုပြီး သာလွန်ခဲ့တဲ့ ဆိုဗီယက် ပြည်ထောင်စုက ၁၉၅၇ ခုနှစ်မှာ အာကာသထဲကို Sputnik ဂြိုဟ်တု လွှတ်တင်နိုင်ခဲ့တာကြောင့် နောက်ပိုင်းမှာ အမေရိကန်က သုတေသနနဲ့ ပညာရေးအတွက် ပိုမို ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒါကြောင့်လည်း လပေါ်ကို လူသား ရောက်ရှိတဲ့အထိ အမေရိကန်က ဆိုဗီယက်တို့အပေါ်မှာ အာကာသမှာ အနိုင်ယူနိုင်ခဲ့တယ်လို့ သမိုင်းအဖြစ်အပျက်နဲ့ယှဉ်ပြီး သမ္မတ အိုဘားမားက ပြောကြားသွားခဲ့ပါတယ်။
ဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် စက်မှုလုပ်ငန်း နယ်ပယ်မှာ ဆန်းသစ်တီထွင်မှုတွေ အတောမသတ် လုပ်ဆောင်နိုင်ခဲ့သလို အမေရိကန် နိုင်ငံသားတွေအတွက် အလုပ်အကိုင် သန်းပေါင်းများစွာ ဖန်တီးပေးနိုင်ခဲ့တယ်လို့လည်း မစ္စတာ အိုဘားမားက ဆိုပါတယ်။
မနှစ်က အောက်လွှတ်တော်မှာ ဒီမိုကရက်တွေက အမတ်အများစု ဖြစ်နေစဉ်မှာ ဒီမိုကရက်သမ္မတ အိုဘားမား ပြဋ္ဌာန်းခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး ဥပဒေကို အခုအခါ အောက်လွှတ်တော်မှာ အများစုဖြစ်လာတဲ့ ရီပတ်ဘလီကန် အမတ်တွေက ရုပ်သိမ်းဖို့ သို့မဟုတ် အစားထိုးဖို့ ဆန္ဒရှိနေကြတာနဲ့ ပတ်သက်ပြီး ဒီဥပဒေကို ပိုမို ကောင်းမွန်လာအောင် အကြံဉာဏ်တွေကို ကြိုဆို လမ်းဖွင့်ထားတယ်လို့ မစ္စတာ အိုဘားမားက မိန့်ခွန်းထဲမှာ ပြောကြားသွားခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒီဥပဒေအရ အမေရိကန် ပြည်သူတွေရဲ့ ကျန်းမာရေး အာမခံ ပေးဆောင်ရမှုတွေကို တိုးတက်မှု ရှိစေနိုင်တဲ့အတွက် ဒီကိစ္စကိုတော့ သူက မပြင်ဆင်လိုဘူးလို့ ပြောပါတယ်။
အင်္ဂါနေ့ညက ကွန်ဂရက် လွှတ်တော်မှာ ပြောကြားခဲ့တဲ့ သူ့ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းထဲမှာ ပါဝင်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စုအပေါ် သူ့ရဲ့ မျှော်မှန်းထားချက်တွေကို ထပ်ဆင့် ရှင်းလင်းဖို့အတွက် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ သမ္မတ အိုဘားမားဟာ အမေရိကန် ပြည်ထောင်စု မြောက်ပိုင်းပြည်နယ် တခုဖြစ်တဲ့ ဝစ်စ်ကွန်ဆင် ပြည်နယ်ကို ထွက်ခွာသွားခဲ့ပါတယ်။