သုံးရလွယ်ကူစေသည့် Link များ

အီရတ်နိုင်ငံမှာ အစ္စလာမ္မစ်သူပုန်တွေက မြို့တချို့ကို သိမ်းယူပြီး ဘဂ္ဂဒတ်မြို့တော် လုံခြုံရေးကိုပါ ခြိမ်းခြောက်လာနေပေမဲ့ အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ အီရတ်ကို တပ်ဖွဲ့စေလွှတ်မှုတွေ လုပ်မှာမဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။

အီရတ်မှာ အခုဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အနီးကပ် စောင့်ကြည့်နေပြီး၊ အီရတ်မှာ သူပုန်တွေကို နှိမ်နင်းနိုင်ဖို့ အမေရိကန်အနေနဲ့ အကူအညီပေးလိုတယ်လို့တော့ ပြောပါတယ်။

အီရတ်အစိုးရကို အကူအညီပေးဖို့ လုပ်နိုင်တာ အားလုံးကို ထည့်သွင်း စဉ်းစားနေတယ်လို့ သမ္မတ အိုဘားမားက ကြာသပတေးနေ့တုန်းက ပြောခဲ့ပေမဲ့ အခု သောကြာနေ့မှာတော့ အမေရိကန်စစ်တပ် စေလွှတ်တာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ပြောလာတာပါ။

အီရတ်နိုင်ငံ အနေအထားဟာ အမေရိကန်ရဲ့ အကူအညီတွေ ပိုလိုအပ်တယ် ဆိုတာ သိပေမဲ့လည်း၊ အီရတ်နိုင်ငံ တည်ငြိမ်မှုရအောင်အတွက် အဓိက ဆောင်ရွက်ရမှာ အီရတ်ခေါင်းဆောင်တွေ ဖြစ်တယ်လို့လည်း သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

အီရတ်နိုင်ငံတွင်း အမေရိကန်တပ်တွေကို ၈ နှစ်ကျော်ကြာ ချထားခဲ့ပြီး နောက်၊ ပြန်လည်ရုပ်သိမ်းရာမှာ ၂၀၁၁ ခုနှစ်မှာ နောက်ဆုံးအ သုတ် ပြန်ရုပ်ခဲ့တာ ဖြစ်ပါတယ်။ အီရတ်ကို အကူအညီပေးရေးနဲ့ ပတ်သက်လို့ အဝေးထိန်း ဒုံးလက်နက်နဲ့ တိုက်ခိုက်တာမျိုး၊ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်တာမျိုး အပါအ၀င် လေကြောင်းက ကူညီတိုက်ခိုက်မှုတွေ လုပ်ဖို့တော့ အစိုးရအဖွဲ့က စဉ်းစားနိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းတွေမှာ ရေးနေပါတယ်။

ဒါပေမဲ့လည်း ဒီအစီအစဉ်ကို နောက်ဆုံး အပြီးသတ်ဖို့တော့ ရက်တွေ လိုဦးမယ်လို့ ဆိုပါတယ်။
သမ္မတ အိုဘားမားရဲ့ မူရင်းမိန့်ခွန်း
XS
SM
MD
LG