သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ISIS အစွန်းရောက်အုပ်စုကို ချေမှုန်းမည့် အမေရိကန် စစ်ရေးဗျုဟာ အိုဘာမား ချပြ


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က Islamic State အစွန်းရောက်အုပ်စုဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး အန္တရာယ်ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ညက တနိုင်ငံလုံးကို လွှင့်ထုတ်တဲ့ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အစ္စလာမ် အစွန်းရောက်တွေကို လေကြောင်းတိုက်ခိုက်မှုအပြင်၊ မြေပြင်မှာ မဟာမိတ်တပ်တွေရဲ့ အထောက်အကူနဲ့ ဘယ်နေရာမှာရောက်ရောက်၊ မလျှော့တမ်း လိုက်လံ ချေမှုန်းတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

အမေရိကန်ပြည်ထောင်စုကို ခြိမ်းခြောက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို ချေမှုန်းတဲ့ ဒီမဟာဗျုဟာကို ယီမင်နဲ့ ဆီးရီးယား တို့မှာ အောင်မြင်စွာ လက်တွေ့ကျင့်သုံးခဲ့ပြီး ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

ပြည်ပမှာ ဘယ်အမေရိကန်တပ်ကိုမှ ရင်ဆိုင်တိုက်ပွဲဝင်ဖို့ စေလွှတ်မှာ မဟုတ်ပေမဲ့ အမေရိကန်ရဲ့ အဓိက အကျိုးစီးပွားကို ခြိမ်းခြောက်သူ မှန်သမျှကိုတော့ အမေရိကန်က အင်အားသုံး တုံ့ပြန် နှိမ်နင်းသွားမှာ ဖြစ်တယ်လို့ သမ္မတ က ပြောပါတယ်။

Islamic State အစွန်းရောက် အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းဖို့ သမ္မတမှာ အာဏာရှိပြီးသား ဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့ အမေရိကန် နိုင်ငံသားတွေ သွေးစည်းခိုင်မာမှုကို ကမ္ဘာကို ပြသနိုင်ဖို့အတွက် လွှတ်တော်ရဲ့ ထောက်ခံမှုကို ရရှိရင်လည်း သူ့အနေနဲ့ ကြိုဆိုတဲ့အကြောင်း သမ္မတက ပြောကြားသွားပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ အမေရိကန် ပြည်ထောင်စုက ကမ္ဘာမှာ ဦးဆောင်နေပြီး နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းဖို့ ကြိုးပမ်းနေတဲ့အကြောင်းလည်း ပြောသွားပါတယ်။

XS
SM
MD
LG