သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား ဆဌမမြောက် နိုင်ငံတော်အခြေပြမိန့်ခွန်း


အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေး ပြန်လည်ဦးမော့ လာနေသလို၊ အာဖဂန်နိုင်ငံက စစ်ဆင်ရေးတွေကိုလည်း အဆုံးသတ်နိုင်ခဲ့တာကြောင့် စီးပွားရေး ပြဿနာတွေ၊ စစ်ပွဲတွေနဲ့ ကြုံခဲ့ရတဲ့ အခြေအနေတွေကို ကျော်လွှားပြီး စာမျက်နှာသစ် ဖွင့်ရမယ့် အချိန်တန်ပြီ ဖြစ်တဲ့အကြောင်း သမ္မတ ဘရက်ခ် အိုဘားမားက နိုင်ငံတော်အခြေပြ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

လူထုစစ်တမ်းတွေမှာ သမ္မတကို လူကြိုက်များတဲ့ သဘောထားတွေ ပြန်တက်လာနေတဲ့ အချိန်မှာပဲ အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီက ထိန်းချုပ်ထားတဲ့ ကွန်ဂရက်လွှတ်တော်မှာ သမ္မတက ဆဌမအကြိမ် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားခဲ့တာပါ။ မိန့်ခွန်းထဲမှာတော့ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ရေး၊ အလုပ်သမားတွေ နေထိုင်မကောင်းရင် လစာနဲ့ခွင့် ရရှိရေး အပါအဝင် လူလတ်တန်းစားတွေအတွက် အစီအစဉ်တွေ ပါဝင်သလို၊ ချမ်းသာတဲ့ အမေရိကန်တွေကို အခွန်တွေ ပိုတိုးကောက်ဖို့လည်း ပြောဆိုခဲ့တာပါ။

သမ္မတရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်လို့တော့ အတိုက်အခံတွေရဲ့ ဆန့်ကျင်မှုတွေနဲ့ ကြုံရမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ မိန့်ခွန်းမှာတော့ စစ်ပွဲတွေကို နောက်ဆုံးဖြေရှင်းရမယ့် နည်းလမ်းအဖြစ်သာ အစိုးရအနေနဲ့ စဉ်းစားဖို့ အမေရိကန် လူထုအနေနဲ့ မျှော်လင့်ထားတယ်လို့လည်း ပြောဆိုခဲ့တာပါ။ အစ္စလာမ် စစ်သွေးကြွ IS အဖွဲ့ကို အင်အားသုံး နှိမ်နင်းရေး လွှတ်တော်က အတည်ပြုထောက်ခံဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တချိန်တည်းမှာပဲ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကတော့ သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းဟာ ကမ္ဘာ့ရေးရာတွေမှာ အမေရိကန်က လွှမ်းမိုးချင်တဲ့ သဘောထားတွေကို ဖော်ပြနေတယ်လို့ ပြောဆိုခဲ့တာပါ။ ယူကရိန်းအရေးနဲ့ ပတ်သက်လို့ တင်းမာမှုတွေ ရှိနေပေမဲ့လည်း ရုရှားအနေနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG