သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောမည်


သမ္မတအိုဘားမားက ဒေသစံတော်ချိန် အင်္ဂါနေ့နှောင်းပိုင်း အမေရိကန် လွှတ်တော်မှာ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ အမေရိကန် နိုင်ငံသာတွေကြား ဆင်းရဲ၊ ချမ်းသာ အကြီးအကျယ် ကွာဟာမှုနဲ့ ပတ်သက်ပြီး သမ္မတက ပြောကြားမှာ ဖြစ်ပါတယ်။

မနှစ်က ပြောကြားခဲ့တဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာလည်း ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတက စပြောခဲ့ကတည်းက အမေရိကန်ပြည်ထောင်စုရဲ့ အနိမ့်ဆုံးလစာကို တိုးမြှင့်သတ်မှတ်ဖို့ ဥပဒေပြုအမတ်တွေကို တိုက်တွန်းခဲ့ပေမဲ့ မအောင်မြင်သေးပါဘူး။

သမ္မတ အိုဘားမားဟာ ဒီကနေ့လည်း ဒီကိစ္စကို ထပ်ပြီး တိုက်တွန်းပြောကြားမှာဖြစ်ပြီး ပြည်ထောင်စုအစိုးရနဲ့ အလုပ်အသစ် လုပ်ဖို့ စာချုပ်ချုပ်တဲ့ ကုမ္ပဏီက ဝန်ထမ်းတွေအတွက် အနိမ့်ဆုံးလစာကို တိုးမြှင့်သတ်မှတ်ဖို့ သမ္မတအမိန့်နဲ့ အတည်ပြုပေးဖို့ အစီအစဉ်တွေကို ကြေညာမှာ ဖြစ်ပါတယ်။

ဒီသမ္မတ အမိန့်အရ အစိုးရနဲ့ စာချုပ်ချုပ် အလုပ်လုပ်တဲ့ လုပ်သားတွေရဲ့ အနိမ့်ဆုံး လစာဟာ တနာရီကို ၇ ဒဿမ ၂၅ ဒေါ်လာကနေ ၁၀ ဒဿမ ၁၀ ဒေါ်လာအထိ တိုးမြှင့်ရမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ လွှတ်တော်ရဲ့ အတည်ပြုချက် မယူဘဲ ဦးစားပေးလုပ်ဆောင်မယ့် သူ့ရဲ့ ဒီနှစ် မဟာဗျူဟာထဲမှာ တခု အပါအဝင်ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်း ရီပတ်ပလစ်ကန်နဲ့ ဒီမိုကရက်တွေကြား အကြီးအကျယ် သဘောထား ကွဲနေကြတာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားဟာ အထက်လွှတ်တော်က မနှစ်က အတည်ပြုပေးခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှု စည်းမျဉ်းတွေကိုလည်း လွှတ်တော်တခုလုံးက အတည်ပြုပေးအောင်လို့ တိုက်တွန်းမှာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေမူကြမ်းကို အောက်လွှတ်တော်က သမရိုးကျဝါဒီ ဥပဒေပြုအမတ်တွေက အကြီးအကျယ် ကန့်ကွက်နေကြတာဖြစ်ပေမဲ့ အောက်လွှတ်တော် ရီပတ်ပလစ်ကန် ခေါင်းဆောင်တွေကတော့ ထောက်ခံမှု ပိုပြလာတာ တွေ့ရပါတယ်။
XS
SM
MD
LG