သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံ့အတွက် အနာဂတ်မျှော်မှန်းချက် အခြေပြမိန့်ခွန်းမှာ သမ္မတ အလေးပေးပြောမည်


အခုအသံလွှင့်ပြီးလို့ သိပ်မကြာခင် နာရီပိုင်းအတွင်းမှာပဲ သမ္မတအိုဘားမား အမေရိကန်လွှတ်တော်မှာ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ သမ္မတသက်တမ်းအတွင်း နောက်ဆုံး နိုင်ငံတော် အခြေပြမိန့်ခွန်းလည်းဖြစ်၊ သတ္တမမြောက်ပြောကြားတဲ့ မိန့်ခွန်းလည်းဖြစ်တဲ့ ဒီမိန့်ခွန်းဟာ သူ တာဝန်ယူဖို့ ကျန်နေသေးတဲ့ လပိုင်းအတွက်သာ မဟုတ်ဘဲ၊ လာမယ့်နှစ်တွေအတွက် သူ့ရဲ့ အကောင်းမြင် မျှော်မှန်းချက်တွေကို ထည့်သွင်းပြောဆိုမှာ ဖြစ်တဲ့အကြောင်း အိမ်ဖြူတော်အရာရှိတွေက ပြောဆိုထားပါတယ်။

သမ္မတရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ ပြည်တွင်းရေးရာ ကိစ္စတွေအပြင်၊ နိုင်ငံတကာရေးရာ ကိစ္စတွေမှာရော၊ ဘယ်လိုအကြောင်းအရာတွေ ပါဝင်နိုင်မလဲ၊ ခန့်မှန်းတွက်ဆချက်တွေအကြောင်း ဗွီအိုအေအိမ်ဖြူတော် သတင်းထောက် Aru Pande သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။

Youtube ဗွီဒီယိုကနေ အကြို အကြမ်းမျဉ်းရှင်းပြတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားက လွန်ခဲ့တဲ့ ၇ နှစ် အကျပ်အတည်းတွေ ကြုံခဲ့တဲ့အချိန် ကျနော် သမ္မတ တာဝန်ယူခဲ့တဲ့ အချိန်ကတည်းက အခုလောက် လာမယ့် ရှေ့နှစ်အတွက် အကောင်းမြင် မျှော်လင့်တာမျိုး တခါမှ မဖြစ်ခဲ့ဖူးပါဘူးဆိုပြီး ပြောသွားခဲ့ပါတယ်။ အခု ၂၀၁၆ ခုနှစ်အတွက်သာ မဟုတ်ဘဲ နောင်လာမယ့် နှစ်အတွက်ပါ အကောင်းမြင် မျှော်လင့်ထားတဲ့အကြောင်း သမ္မတ အိုဘားမားက ပြောဆိုပါတယ်။ ဒီမျှော်လင့်ချက်တွေကို ဒီကနေ့ ပြောကြားမယ့် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ အဓိက ထည်သွင်းဖော်ပြမယ် ဆိုပြီးတော့လည်း အိမ်ဖြူတော် အရာရှိတွေက ပြောဆိုထားတာပါ။

ပြီးခဲ့တဲ့နှစ်ကလို မဟုတ်ဘဲ ဒေသဆိုင်ရာ ကောလိပ်တွေမှာ ကျောင်းသားတွေကို ပညာသင်ခ ကျုရှင် စရိတ်မယူဘဲ အခမဲ့ ကျောင်းတက်ခွင့်တွေ ပေးနိုင်ဖို့၊ နောက် ဆိုက်ဘာလုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ဖို့ အသေးစိတ် အဆိုပြုချက်တွေ သမ္မတ အိုဘားမားဘက်က ထည့်သွင်း ပြောဆိုမယ်လို့ ဆိုလိုပါတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Josh Earnest ကတော့ သမ္မတအနေနဲ့ နိုင်ငံရဲ့ ရေရှည် အနာဂတ်ကို အာရုံစိုက်ပြီး၊ သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲတွေမှာ ကြားနေရတဲ့ လူထုစစ်တမ်းတွေရဲ့ ထင်ဟတ်ချက်၊ အဆိုးမြင် ဝေဖန်ချက်တွေကို တုံ့ပြန်ပြောဆိုသွားမယ်လို့ ဆိုပါတယ်။

“တဘက်က ပြင်းထန်တဲ့ အသုံးအနှုံးတွေနဲ့ ဝေဖန်ပြောဆိုနေတာတွေ၊ ကျနော်တို့ ကြားနေရသမျှဟာ အနာဂတ်ကို စိုးရိမ် ကြောက်ရွံ့ပြီး ပြောင်းလဲနေတဲ့ ကမ္ဘာနဲ့ ပတ်သက်လို့ မလုံမခြုံ ဖြစ်နေသူတွေရဲ့ ပြောဆိုချက်တွေချည်းပါ။ တကယ်တော့ အမေရိကန်ပြည်ထောင်စုဟာ ရှေ့မှာ မြင်နေရတဲ့ အခွင့်အလမ်းတွေကို တခြားနိုင်ငံတွေထက် ပိုပြီး လက်တွေ့ အသုံးချနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။”

သမ္မတအနေနဲ့ ၂၀၀၉ ခုနှစ် သူ သမ္မတတာဝန် ယူခဲ့တဲ့အချိန်နောက်ပိုင်း ရလာတဲ့ အောင်မြင်မှုတွေကို မိန့်ခွန်းမှာ ချန်ထားမှာ မဟုတ်ပါဘူး၊ သမ္မတ အိုဘားမားက မကြာသေးခင် သီတင်းပတ်တွေအတွင်း ပြောခဲ့တဲ့ မိန့်ခွန်းမှာ အခုလို ချပြထားပါတယ်။

“ကျနော်တို့ စီးပွားရေးလုပ်ငန်းတွေဟာ လပေါင်း ၇၀ ဆက်တိုက် အလုပ်အကိုင်တွေ ဖန်တီးခဲ့တာပါ။ အလုပ်အကိုင် အသစ် ၁၄ သန်းကို ဖန်တီးနိုင်ခဲ့တာပါ။ ကျောင်းတွေကို ပြန်ပြီး မွမ်းမံခဲ့သလို ကျောင်းတွေကို ငွေကြေးထောက်ပံ့တဲ့ ပုံစံတွေကိုလည်း ပြင်ဆင်ခဲ့ပါတယ်။ သန့်စင်တဲ့ စွမ်းအင်ထုတ်လုပ်မှုအတွက် သမိုင်းဝင် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပြီး ကျနော်တို့ ကိုယ်တိုင် ကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှု လျှော့ချနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရောက်နေပါပြီ။”

နိုင်ငံတကာအရေး ရှေ့တန်းရောက်နေတဲ့ ကိစ္စတွေကို ပြောဆိုတဲ့အခါမှာတော့ ကျုးဘားနဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်နိုင်ခဲ့တာ၊ အီရန်နဲ့ နျူကလီးယား သဘောတူညီချက် ရယူခဲ့တာတွေအပြင် ရာသီဥတုပြောင်းလဲရေးဆိုင်ရာ သဘောတူညီချက်တွေ ရအောင် ကြိုးပမ်းခဲ့တာတွေကို သမ္မတ အိုဘားမား ပြောဆိုနိုင်ပါတယ်။

George Washington တက္ကသိုလ်က ပါမောက္ခ Matthew Dallek ကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ IS စစ်သွေးကြွတွေကို နှိမ်နင်းရေးကိစ္စတွေကိုလည်း ထည့်သွင်းပြောဆိုမယ်လို့ ခန့်မှန်းပါတယ်။

IS စစ်သွေးကြွတွေ ချေမှုန်းရေးနဲ့ အီရတ်နဲ့ ဆီးရီးယားက ပြဿနာတွေကို ဖြေရှင်းရေး အမေရိကန် မြေပြင်တပ်တွေ စေလွှတ်နိုင်ခြေ၊ ဒါမှမဟုတ် လေကြောင်းကနေ ဆက်ပြီး ဗုံးကျဲမလား၊ ဒီအပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်လို့လည်း သူ တာဝန်ယူခဲ့တာတွေကို ကာကွယ် ပြောဆိုတာတွေလည်း မိန့်ခွန်းမှာ ပါလာနိုင်ပါတယ်။

အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်လို့ လူထုကြားမှာ စိုးရိမ်မှုတွေ ရှိနေပေမဲ့ ဒီစိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး သမ္မတဘက်က ရင်ဆိုင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်၊ ဘယ်တုန်းကထက်မဆို အမြင့်ဆုံး အနေအထားမှာ ရှိနေတယ်လို့ အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။ သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ သမ္မတကတော် မစ်ရှဲ အိုဘားမားဘေးကနေ ဧည့်သည် ၂ ဒါဇင်လောက် ဖိတ်ကြားထားပါတယ်။ အဲဒီအထဲမှာ ဆီးရီးယားနိုင်ငံက ဒုက္ခသည် ၁ ဦးနဲ့ မူဆလင် စစ်မှုထမ်းဟောင်း ၁ ဦးလည်း ပါဝင်ပါတယ်။

XS
SM
MD
LG