သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော် အခြေပြမိန့်ခွန်း အိုဘားမား အင်္ဂါနေ့ပြောမည်


အမေရိကန် သမ္မတ BarackObama ဟာ ဒေသစံတော်ချိန် အင်္ဂါနေ့ညဖက် မြန်မာစံတော်ချိန် ဗုဒ္ဒဟူးနေ့မနက်ပိုင်းမှာ အမေရိကန်လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ ဒီ မိန့်ခွန်းပြောကြားရာမှာ သမ္မတအိုဘားမားဟာ မိဘတွေ၊ အလုပ်သမားတွေနဲ့ ကျောင်းသားတွေအတွက် နှစ်ကုန် အခွန်ငွေ ပြန်ပေးရာမှာ ပိုပေးဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။

ဝင်ငွေကောင်းသူတွေ၊ ချမ်းသာတဲ့ဘဏ်တွေဆီကနေ အခကြေးငွေကောက်ခံပြီး အခုလို ပြန်ပေးမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ သားသမီးတွေနဲ့ အိုမင်းတဲ့မိဘတွေကို ငွေကြေးထောက်ပံ့ပေးရတဲ့ မိသားစုအတွင်း ဦးဆောင်အလုပ်လုပ်နေသူ ဇနီးမောင်နှံနှစ်ဦးကို ကူညီဖို့ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေးမကောင်းတာကြောင့် အလုပ်မလုပ်နိုင်သူတွေကို တနှစ်ဆေးခွင့် ၇ ရက်ထိ ပေးဖို့ အဆိုပြုထားတဲ့ ဥပဒေကိုလည်း သမ္မတက ထောက်ခံထားပါတယ်။ အဆင့်မြင့်ပညာသင်ကြားနေသူတွေ၊ ကလေးမရှိတဲ့ အိမ်ထောင်ရှင်တွေအတွက် နှစ်ကုန် အခွန်ပြန်အမ်းငွေ ပိုတိုးလာဖို့နဲ့ Community ကောလိပ်မှာ နှစ်နှစ် အခမဲ့ပညာသင်ကြားခွင့်၊ အငြိမ်းစားထောက်ပံ့ငွေအတွက်စုဆောင်းတာတွေလုပ်ဖို့ကိုလည်း သမ္မတက တိုက်တွန်းဖို့ရှိနေပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားတွေကို ရင်ဆိုင်နေရတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့လည်း အတူလက်တွဲလုပ်ဆောင်ဖို့အကြောင်းလည်း မိန့်ခွန်းမှာ ပါဝင်ဖို့ရှိတယ်လို့ သတင်းတွေမှာဖေါ်ပြကြပါတယ်။ အင်္ဂါနေ့ည နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားရာမှာ ရီပါတ်ဗလီကင်တွေ ကြီးစိုးတဲ့လွှတ်တော် နှစ်ရပ်ရှေ့မှောက် ပြောရမှာဖြစ်ပါတယ်။

အခုနှစ်မိန့်ခွန်းနဲ့ ပါတ်သတ်ပြီး သမ္မတအပေါ် ပိုပြီး ထောက်ခံသူတွေ ပိုများလာပါတယ်။ Wall street Journal နဲ့ NBC ရုပ်သံဌာနတို့က ကောက်ယူမှုစစ်တမ်းတွေအရ သမ္မတမိန့်ခွန်းအပေါ် လွန်ခဲ့တဲ့နှစ်က ထောက်ခံမှု ၃၂ % ရှိရာက အခုနှစ်မှာ ၃၈ % အထိ တက်လာခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားတဲ့ အခမ်းအနားမှာ သမ္မတကတော် Michelle Obama ရဲ့ဧည့်သည်တော်အဖြစ် မကြာသေးခင်က ကျူးဘားအကျဉ်းစခန်းက လွတ်မြောက်လာတဲ့ Alan Gross နဲ့ အာကာသယာဉ်မှူး Scott Kelly တို့ တက်ရောက်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့မှာ ကြေညာပါတယ်။

အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော် ၂၂ ယောက်ထဲမှာ ကျောင်းသားနဲ့ ပညာရေးဝန်ထမ်းတွေ၊ ထူးချွန်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အစိုးရအရာရှိတွေနဲ့ အာဖဂန်နစ္စတန်တိုက်ပွဲမှာ ပါဝင်တဲ့ ဒဏ်ရာရစစ်သည်တော်တွေ ပါဝင်ပါတယ်။

XS
SM
MD
LG