သုံးရလွယ်ကူစေသည့် Link များ

နေပြည်တော်မှာ ကျင်းပနေတဲ့ အရှေ့အာရှနဲ့ အာဆီယံ ထိပ်သီး စည်းဝေးပွဲတွေကို တက်ရောက်လာတဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကတော့ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေ၊ လူထုအခြေပြုအဖွဲ့တွေ အပါအ၀င် လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ကဏ္ဍပေါင်းစုံကနေ ပါဝင်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ သမ္မတ အိုဘားမားရဲ့ အစီအစဉ်တွေကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ကြာမြင့်မယ့် သမ္မတ အိုဘားမားရဲ့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ မြန်မာလွှတ်တော် ခေါင်းဆောင်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် တချို့နဲ့ ဒီကနေ့ ကြာသပတေးနေ့မှာ နေပြည်တော် “နန်းဝဒီ” ဟိုတယ်မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက အခုလို ပြောပြပါတယ်။

“အဓိကတော့ ကျမတို့ ဒီ လွှတ်တော်ဥက္ကဌ နှစ်ယောက်ပါမယ်ပေါ့။ နောက်ပြီးတော့ ကျမတို့ ပါတီဥက္ကဌပါမယ်။ NLD ပါတီကဆိုရင်တော့ ၃ ယောက်ပေါ့နော်။ ဦးဝင်းထိန်ပါမယ်ပေါ့။ ကျမပါမယ်။ နောက် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေပါမယ်။ နောက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ပါမယ်။ အားလုံး ၁၁ ယောက်ကို တွေ့တာ။”

မေး။ ။ အဲ့လိုမျိုး သမ္မတ အိုဘားမားက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့် ဒီလို စီစဉ်တဲ့အပေါ်မှာ လွှတ်တော် ကိုယ်စားလှယ်တဦးရဲ့ အမြင်လေး ပြောပြပါဦးရှင့်။

ဖြေ။ ။ “အဓိကတော့ ဒီ မြန်မာပြည်မှာဖြစ်နေတဲ့ လက်ရှိ အခြေအနေတွေပေါ့နော် အသွင်ကူးပြောင်းတဲ့ ကာလမှာ လွှတ်တော်နဲ့ ဆွေးနွေးဖို့ပေါ့။ အဲ့ဒါကို အဓိကထားတာပါ။”

မနက်ဖြန် နိုဝင်ဘာလ ၁၄ ရက်နေ့ သောကြာနေ့မှာတော့ သမ္မတ အိုဘားမားဟာ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ထပ်မံ တွေ့ဆုံဖို့ရှိပါတယ်။ ဒါ့အပြင် လူထုအခြေပြု အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိသလို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ သမ္မတ ဘရက်ခ် အိုဘားမားနဲ့ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ တွေ့ဆုံပွဲကိုလည်း ကျင်းပမှာဖြစ်ပါတယ်။

အဲဒီပွဲမှာ မြန်မာလူငယ်တွေအနေနဲ့ တိုင်းပြည်အကျိုးပြု လုပ်ငန်းတွေမှာ အမေရိကန် ပြည်ထောင်စုရဲ့ ထောက်ပံ့ကူညီမှုတွေကို ဘယ်လိုအသုံးချနိုင်သလဲဆိုတာ သမ္မတ အိုဘားမာအနေနဲ့ မိတ်ဆက်ပြောကြားမယ်လို့ မျှော်လင့်ထားကြောင်း ရန်ကုန် အမေရိကန်သံရုံးရဲ့ ဖိတ်ကြားစာကို ရရှိထားသူ ပရဟိတလုပ်ငန်း ဆောင်ရွက်နေတဲ့ မြန်မာလူငယ် ဒေါက်တာ ဇွဲပြည့်ဖြိုးက ဗွီအိုအေကို ပြောပါတယ်။

“စင်္ကာပူလို နိုင်ငံမျိုးထက်စာလို့ရှိရင် မြန်မာပြည်လို နိုင်ငံမျိုးကို သူက ပိုပြီးတော့ အလေးထားတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် စင်္ကာပူနိုင်ငံဆိုလို့ရှိရင် environment ဆိုရင် အကုန်လုံးက အစိုးရကနေ လုပ်သွားတာဖြစ်တဲ့အတွက် education system ကလည်း အရမ်းကောင်းတယ်။ environment တွေကလည်း သိပ်ပြီး ယိုယွင်းပျက်စီးမှုမရှိဘူး။ အရမ်းသန့်တာဆိုတော့ မြန်မာပြည်လိုမျိုး အဲ့လိုမျိုး နည်းနည်းပေါ့နော် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ နိုင်ငံတွေအတွက်က သူတို့က ဒါမျိုး ပိုပြီးတော့ ပေးချင်တယ်။ အဲ့ဒီအခါမှာ ကျနော်တို့ဘက်က မလျှောက်တာများတဲ့အခါကျတော့ သမ္မတဘက်ကနေပြီးတော့ လာပြီးတော့ အာဆီယံပွဲကို လာရင်းနဲ့ launch လုပ်တာလို့ မြင်ပါတယ်။”

မေး။ ။ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံပွဲမှာ ဒေါက်တာ ဇွဲပြည့်ဖြိုး ဘယ်လိုမေးခွန်းတွေ မေးဖို့ ပြင်ဆင်ထားလဲရှင့်။

ဖြေ။ ။ “ကျနော်ကတော့ သမ္မတနဲ့ ဆွေးနွေးဖို့အတွက်ကို မေးခွန်းလေးတွေ ပြင်ထားတယ်။ မြန်မာကျောင်းသားတွေက အရမ်း ထူးချွန်ကြတယ်ပေါ့နော်။ ဒါပေမဲ့ ဆင်းရဲမွဲတေမှု ပြဿနာတွေ၊ အကျင့်ပျက် ချစားမှု ပြဿနာတွေ၊ ပြီးတဲ့အခါကျရင် civil war ပေါ့နော် အဲ့ဒါတွေရှိတယ်။ နောက်တခုကကျတော့ ရွှေ့ပြောင်းလုပ်သားကိစ္စတွေ၊ နောက်တခုက သစ်တောပြုန်းတီးမှုတွေ၊ ဒါတွေပဲ ဖြစ်နေတယ်။ အဲ့ဒီအခါကျတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီလူငယ်တွေအပေါ်မှာ ဘယ်လိုမျိုး motivation လုပ်နိုင်မလဲပေါ့နော်။”

သမ္မတ ဘရက်ခ် အိုဘားမားနဲ့ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ တွေ့ဆုံပွဲကို တက်ရောက်မယ့် လူငယ်တွေကို အမေရိကန်သံရုံးက စိစစ်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူမှုရေး၊ နိုင်ငံရေး၊ တိုင်းရင်းသား စတဲ့ နယ်ပယ်ပေါင်းစုံက လူငယ်ခေါင်းဆောင်တွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ ပရဟိတလုပ်ငန်း ဆောင်ရွက်နေတဲ့ လူငယ်တွေကို အမေရိကန်သံရုံးက ရွေးချယ်ဖိတ်ကြားခဲ့တာ ဖြစ်တယ်လို့ သိရှိရကြောင်း ဒေါက်တာ ဇွဲပြည့်ဖြိုး က ပြောပါတယ်။

အခုလို အရှေ့တောင်အာရှ လူငယ်တွေနဲ့ တွေဆုံဆွေးနွေးပွဲကနေ သမ္မတ အိုဘားမားအနေနဲ့ လူငယ်တွေရဲ့ မျှော်လင့်ချက်ဆန္ဒတွေကို လက်တွေ့ အကောင်အထည်ဖော်ပေးဖို့ လိုတယ်လို့လည်း ဖိတ်ကြားခံရတဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ မဖြိုးဖြိုးအောင်က ပြောပါတယ်။

“ဒီလိုဟာမျိုးကနေပြီးတော့ ကျမတို့ တွေ့ဆုံခဲ့ရသူတွေအနေနဲ့ တချို့အချက်တွေမှာ ကျမတို့ လိုချင်တဲ့၊ တောင်းဆိုချင်တဲ့၊ ပြောချင်တဲ့ ကိစ္စတွေကို လွတ်လွတ်လပ်လပ် ပြောခွင့်၊ ထုတ်ဖော်ပြောဆိုခွင့် အဲ့ဒါမျိုးတွေက တကယ် အလုပ်လုပ်တဲ့နေရာမှာ အရေးကြီးပါတယ်။ တွေ့ဆုံရတယ်၊ စကားပြောခွင့် ရှိတယ်ဆိုတာက တကယ် အလုပ်လုပ်တဲ့နေရာမှာ အရေးကြီးတယ်။ နောက် ထပ်ပြီးတော့ အဲ့ဒီလို တောင်းဆိုတာတွေ ဖြစ်မြောက်လာတယ်၊ အဲ့ဒီအတွက် ဖြည့်ဆည်းပေးတယ်ဆိုရင်တော့ ပိုပြီးတော့ အတိုင်းထက်အလွန်ပေါ့နော်။”

Young Southeast Asian Leaders Initiative (အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ) အစီအစဉ်ကို ၂၀၁၃ ခုနှစ်ကစပြီး သမ္မတ အိုဘားမားကိုယ်တိုင် ဦးဆောင်ခဲ့တာပါ။ အရှေ့တောင်အာရှ နိုင်ငံတွေမှာ အသက် ၃၅ နှစ်အောက် လူဦးရေ ၃ ပုံ ၂ ပုံလောက်ရှိတာကြောင့် လူငယ်တွေရဲ့အင်အား ပိုပြီးအားထားနိုင်အောင် သူတို့ရဲ့ အများအကျိုးအတွက် ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ အမေရိကန်အစိုးရက ကူညီပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပညာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ လူထုအခြေပြု လုပ်ငန်းများဆိုပြီး ကဏ္ဍအလိုက် ပံ့ပိုးပေးနေတာပါ။

သမ္မတ အိုဘားမားဟာ ပြီးခဲ့တဲ့ဧပြီလက မလေးရှားနိုင်ငံ ခရီးစဉ်မှာလည်း အလားတူ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များနဲ့ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံက လူငယ် ၁၀ ဦးလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG