သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဒုက္ခသည်တွေ လက်ခံဖို့ ကန့်ကွက်မှု Obama ဝေဖန်


ဆီးရီးယားကဒုက္ခသည်တွေကို အမေရိကန်မှာ အခြေချနေထိုင်ခွင့်ပေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆန့်ကျင်ကြတဲ့ အမေရိကန် နိုင်ငံရေးသမားတွေကို သမ္မတ Barack Obama က ဝေဖန်လိုက်ပြီးတော့ သူတို့ရဲ့ ပြောဆိုမှုတွေဟာ အမေရိကန်ရဲ့ စံတန်ဖိုးနဲ့ ဆန့်ကျင်နေသလို IS အကြမ်းဖက်သမားအဖွဲ့ရဲ့ လူသစ်စုစောင်းဖို့ အချက်ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေ အိမ်ဖြူတော် သတင်းထောက် Mary Alice Salinas ရဲ့ မနီလာမြို့ကနေ သတင်းပေးပို့ထားတာကို ရှားဖောင်က တင်ပြထားပါတယ်။

ပဲရစ်မြို့ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာပဲ ဆီးရီးယားဒုက္ခသည်တွေ အမေရိကန်မှာ အခြေချ နေထိုင်ခွင့်ပြုမယ့် အစီအစဉ်ကို လုံး၀ ရပ်တန့်ဖို့ ဒါမှမဟုတ် ခရစ်ယာန် ဒုက္ခသည်တွေကိုပဲ အခြေချ နေထိုင်ခွင့်ပြုဖို့ အမေရိကန် ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားတချို့က ပြောဆိုလာနေကြပါတယ်။

ဒီလိုလုပ်ဆောင်ခြင်းကြောင့် အကြမ်းဖက်သမားတွေ အမေရိကန်နိုင်ငံထဲ မဝင်နိုင်အောင် ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားတွေက ငြင်းချက်ထုတ်ပြောပါတယ်။

သမ္မတ အိုဘားမားကတော့ ဒီအယူအဆကို ရှုတ်ချလိုက်ပါတယ်။

“အကြမ်းဖက် တိုက်ခိုက်မှုတခုကို တုံ့ပြန်တဲ့အခါ ကျနော်တို့ဟာ အကြောက်တရားတွေ၊ ထိတ်လန့်မှုတွေနဲ့ နည်းမှန်လမ်းမှန် မတုံ့ပြန်နိုင်ကြပါဘူး။”

ဒီတပတ် မနီလာမြို့မှာ ကျင်းပနေတဲ့ APEC ခေါ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးညီလာခံကို တက်ရောက်နေချိန်အတွင်းမှာပဲ သမ္မတ အိုဘားမားက အခု ပြောသွားတာ ဖြစ်ပါတယ်။

ဥရောပမှာ ဒုက္ခသည်တွေကို အခြေချနေထိုင်ခွင့် ပေးတာဟာ လုံခြုံရေးအတွက် အန္တရာယ် ဖြစ်စေမလားဆိုတဲ့ ဆွေးနွေးမှုတွေကြောင့် ဆီးရီးယား ဒုက္ခသည် ၁ သောင်းကို လက်ခံမယ့် အမေရိကန်ရဲ့ အစီအစဉ်ကို အချေအတင် ပြောဆိုနေကြတာ ဖြစ်ပါတယ်။

အမေရိကန် အုပ်ချုပ်ရေးမှူး ၂ ဒါဇင်ကျော်ကလည်း ဆီးရီးယားက ဒုက္ခသည်တွေကို သူတို့ရဲ့ ပြည်နယ်တွေမှာ အခြေချနေထိုင်ခွင့် တားမြစ်ဖို့ စီစဉ်နေတယ်လို့ အရိပ်အယောင် ပြနေပါတယ်။ အမေရိကန် ပြည်ထောင်စုထဲကို ဝင်လာမယ့် ဆီးရီးယား မူဆလင်ဒုက္ခသည်တွေကို တားဖြစ်မယ့် ဥပဒေတရပ်ကို အဆိုပြုဖို့ စီစဉ်နေတယ်လို့ Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz ကတော့ ပြောပါတယ်။

“ဒုက္ခသည်တွေကို လက်ခံဖို့ လုံခြုံရေး စိုးရိမ်ပူပန်မှုတွေရှိနေတာကြောင့် အမေရိကန်ပြည်ထောင်စုကို လာရောက်ကြမယ့် ဒုက္ခသည်အားလုံးတို့ကို အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန၊ FBI အကြမ်းဖက်သမား စိစစ်ရေးဌာ၊ အမိမြေ လုံခြုံရေးဌာနနဲ့ အမေရိကန် ကာကွယ်ရေးဌာနတို့က အဆင့်အမြင့်ဆုံး လုံခြုံရေး စစ်ဆေးမှုတွေကို ပြုလုပ်နေပါတယ်။”

အခုလို စိစစ်မှုတွေ ပြုလုပ်ပြီးမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပါအဝင် ဒုက္ခသည်တွေအဖြစ် လက်ခံနိုင်မယ့်သူတွေကို နိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံကလာတဲ့ ဒုက္ခသည်တွေကို ၂၀၀၁ ခုနှစ်ကတည်းက အလုံးအရင်းနဲ့ စတင်လက်ခံခဲ့တာဖြစ်ပြီးတော့ အခုဆိုရင် ရိုဟင်ဂျာ ဒုက္ခသည် အပါအဝင် အမေရိကန်ကို ရောက်နေတဲ့ မြန်မာဒုက္ခသည် ၁ သိန်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို လက်ခံခဲ့ရာမှာတော့ ၂၀၁၅ ခုနှစ်အတွက် ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၂,၅၇၃ ဦးကို လက်ခံခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG