သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမားတွေကို ညှဉ်းပမ်း နှိပ်စက်ခဲ့ကြောင်း သမ္မတအိုဘားမား ဝန်ခံ


အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နောက်ပိုင်း ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက် သမားတွေကို ထောက်လှမ်းရေးအဖွဲ့တွေက အမေရိကန်နိုင်ငံရဲ့ သတ်မှတ်ထားတဲ့ စံချိန် စံညွန်းတွေထက် ကျော်လွန်ပြီး ညှဉ်းပမ်း နှိပ်စက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သမ္မတ Barack Obama က ဝန်ခံ ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုတွေ တကယ် ပြုလုပ် လာမလားဆိုတာကို လုံခြုံရေး အရာရှိတွေ အတိအကျ မသိနိုင်ခဲ့တဲ့အတွက် သူတို့အနေနဲ့ ကြီးမားတဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သမ္မတ အိုဘားမားက သောကြာနေ့ မှာ ပြောပါတယ်။

"9/11 ဖြစ်ပြီးပြီးချင်းမှာပဲ အမေရိကန်အစိုးရအနေနဲ့ မမှန်ကန်တဲ့ လုပ်ရပ် တချို့ကို လုပ်ခဲ့ကြောင်း၊ မှန်ကန်တဲ့လုပ်ရပ် အများအပြားကို လုပ်ခဲ့ကြပေမယ့် လူတချို့ကို ညှဉ်းပမ်း နှိပ်စက်တာမျိုး အမေရိကန်အစိုးရအနေနဲ့ လုပ်ခဲ့" တဲ့အကြောင်း သမ္မတ အိုဘားမားက ပြောသွားတာ ဖြစ်ပါတယ်။

မစ္စတာ အိုဘားမားအနေနဲ့ သူသမ္မတဖြစ်လာတဲ့ ၂၀၀၉ ခုနှစ်ကစလို့ အဲဒီလို လုပ်ဆောင်မှုတွေဟာ တရားမဝင်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပေမယ့် ညှဉ်းပန်း နှိပ်စက်တယ်ဆိုတဲ့ စကားလုံးကို အသုံးပြုခြင်းက ရှောင်ရှားခဲ့ပါတယ်။

၂၀၀၁ ခုနှစ် တိုက်ခိုက်မှုနောက်ပိုင်း ဖမ်းမိခဲ့တဲ့ အကြမ်းဖက်သမားတွေကို စစ်ဆေးမေးမြန်း မှုတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတချို့ကို အမေရိကန် အထက်လွှတ်တော်က လျှို့ဝှက် သတ်မှတ်ထားတဲ့အဆင့်က လျော့ချပြီး အစီရင်ခံစာထုတ်ပြန်ဖို့ ပြင်ဆင်နေတဲ့အချိန် သမ္မတ အိုဘားမားက အခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG