သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမားနဲ့ သမ္မတ ဦးသိန်းစိန် အိမ်ဖြူတော်ပူးတွဲ သတင်းစာရှင်းလင်းပွဲ


ြ်မန်မာသမ္မတ ဦးသိန်းစိန် နဲ့ အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် (၂၀ မေ ၂၀၁၃)
ြ်မန်မာသမ္မတ ဦးသိန်းစိန် နဲ့ အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် (၂၀ မေ ၂၀၁၃)
အမေရိကန် ပြည်ထောင်စုကို နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် စနေနေ့က ရောက်လာခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မနေ့က တနင်္လာနေ့မှာတော့ အမေရိကန်သမ္မတ အိုဘားမားနဲ့ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီလို တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေးအပြင် တိုင်းရင်းသား ပဋိပက္ခနဲ့ ဘာသာရေး တင်းမာမှု ပြဿနာတွေကို ဖြေရှင်းဖို့ အရေးကြီးတဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲအပြီး သမ္မတ အိမ်ဖြူတော်မှာ သမ္မတနှစ်ဦးတို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကိုလည်း ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကိုတော့ အခုပဲ နားဆင်ကြည့်ကြရအောင်ပါ။

သမ္မတ အိုဘားမား
“ကျနော့်အနေနဲ့ သမ္မတကြီး ဦးသိန်းစိန်ကို အမေရိကန် ပြည်ထောင်စုကိုရော၊ အိမ်ဖြူတော်ကိုရော ကြိုဆိုပါတယ်။ မနှစ်ကဆိုလို့ရှိရင် အမေရိကန် သမ္မတတစ်ဦးအနေနဲ့ ပထမဆုံး မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့အတွက်ကြောင့် ကျနော် ဂုဏ်ယူပါတယ်။ အဲ့တော့ သမ္မတကြီးအနေနဲ့လည်း ဒီကို လာနိုင်တဲ့အတွက်ကြောင့် ဒါဟာလည်း နှစ်ပေါင်း ၅၀ အတွင်းမှာ ပထမဦးဆုံး လာရောက်တဲ့အတွက်ကြောင့် ကောင်းပါတယ်။ အဲ့တော့ ဒီ နှစ်ပေါင်း ၅၀ ကြားထဲမှာတော့ ကျနော်တို့မှာ နှစ်ဘက် တင်းမာမှုလေးတွေ ရှိခဲ့ပါတယ်။ အခု ဒီလို ပြောင်းလဲသွားရတဲ့ကိစ္စက သမ္မတ ဦးသိန်းစိန်ရဲ့ ခေါင်းဆောင်မှုနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို စီးပွားရေးအရရော၊ နိုင်ငံရေးအရရော ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အတွက် ဖြစ်ပါတယ်။”

“လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေလည်း လွတ်လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အခုဆိုလို့ရှိရင် နိုင်ငံရေးလုပ်နေပါပြီ။ အဲ့တော့ အခုဆိုလို့ရှိရင် နိုင်ငံရေးအရ လွှတ်တော်ကလည်းပဲ အားလုံး ပါဝင်နိုင်အောင် ပါဝင်ဆောင်ရွက်နိုင်အောင် လုပ်နေပါပြီ။ မြန်မာနိုင်ငံ အကျိုးအတွက် နောက် အင်မတန်မှ ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲလည်း ကျင်းပပြီးခဲ့ပါပြီ။ အဲ့တော့ သမ္မတကြီး ဦးသိန်းစိန် အနေနဲ့ကလည်းပဲ အင်မတန်မှ ရှည်ကြာလှတဲ့ လူမျိုးစုပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် လုပ်နေပါတယ်။ နောက်ပြီးတော့လည်းပဲ မြန်မာပြည်သူ လူထုတွေအားလုံး လေးစားရမယ့် ဥပဒေတွေလည်းပဲ ဖော်ဆောင်ဖို့ လုပ်နေပါပြီ။ ဒီလို ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ခဲ့တဲ့အတွက်ကြောင့် အမေရိကန်ပြည်ထောင်စုကလည်းပဲ ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ပေးမှုတွေ ဘာတွေ အားလုံးပေါ့လေ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေကို ကျနော်တို့ လျှော့လိုက်ပါပြီ။ နောက်ပြီးတော့ တခြားနိုင်ငံတွေကလည်း အလားတူ လျှော့လိုက်ပါပြီ။”

“အဲ့ဒီလို လုပ်ကိုင်ဆောင်ရွက်မှုတွေကြောင့် ဒါဟာ ဘာကို ပြသလဲဆိုရင် နိုင်ငံတကာကနေပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်တယ်ဆိုတဲ့ သဘောကို ပြပါတယ်။ မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးရော၊ ရင်းနှီးမြှုပ်နှံမှုရော လုပ်လိုက်တဲ့အခါကျလို့ရှိရင်တော့ အလုပ်အကိုင်တွေလည်း ပေါများလာပြီးတော့ အကုန်လုံးက အဆင်ပြေသွားဖို့ ရှိပါတယ်။ အဲ့တော့ သမ္မတကြီး ဦးသိန်းစိန် ပြောသလိုပါပဲ ဒါက အင်မတန်မှ ရှည်လျားတဲ့ ခရီး ဖြစ်ပါတယ်။ အဲ့တော့ တော်တော်လေးတော့ လုပ်ယူရပါလိမ့်မယ်။”

“သမ္မတကြီး ဦးသိန်းစိန်ကတော့ နောင်ကို ဆက်ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးမယ်။ နောက်ပြီးတော့ လူမျိုးစု ပြဿနာတွေ ဖြစ်နေတဲ့ ကိစ္စတွေမှာလည်းပဲ အပစ်အခတ် ရပ်စဲယုံတင်မဟုတ်ဘဲနဲ့ သူတို့လည်း နိုင်ငံရေးမှာ ပါဝင်ပူးပေါင်းနိုင်အောင်၊ ဆောင်ရွက်နိုင်အောင် လုပ်မယ်လို့ ပြောသွားပါတယ်။ မြန်မာနိုင်ငံထဲမှာရှိတဲ့ မူဆလင်တွေအပေါ်မှာ အကြမ်းဖက်မှုတွေ ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်လို့လည်း ကျနော် သမ္မတကြီးနဲ့ ဆွေးနွေးခဲ့ပါတယ်။ အဲ့တော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ သူတို့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေ၊ နောက်ပြီးတော့ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ ဆက်လက်ပြီးတော့ အကူအညီ ပေးဖို့အတွက် ကျနော်တို့ သဘောတူကြပါတယ်။ နိုင်ငံတကာကလည်း ကူညီပေးနေတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သူတို့ကို လေးလေးစားစားနဲ့ သူတို့ကို ဆက်ဆံဖို့ကိစ္စတွေလည်း ပါပါတယ်ခင်ဗျ။”

“သမ္မတကြီး ဦးသိန်းစိန်ကို ကျနော်ဆွေးနွေးတဲ့အခါမှာ ပြောတာကတော့ တခြားနိုင်ငံတွေမှာ ဖြစ်သလိုပဲပေါ့ ဒါက အားလုံး လေးလေးစားစားနဲ့ လုပ်မယ် ကိုင်မယ်ဆိုလို့ရှိရင် စီးပွားရေးအရရော၊ နိုင်ငံရေးအရာရော အားလုံး အဆင်ပြေပြေနဲ့ တခါတည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်လို့ရှိရင် အောင်မြင်မှာပါ။ နောက်ပြီးတော့ ကျနော်တို့ဆီက USAID ကနေပြီးတော့ အကူအညီပေး ဆောင်ရွက်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒါကတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အဲ့ဒါတွေ တိုးတက်အောင် လုပ်နိုင်ဖို့အတွက် ကျနော်တို့ လုပ်နေပါတယ်။ ဒါ့အပြင် ရန်ကုန်-မန္တလေး လမ်းမကြီး ပြုပြင်ဖို့ကိစ္စလည်း ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ သမ္မတကြီး ဦးသိန်းစိန်တို့အနေနဲ့လည်း အာဆီယံနဲ့ရော၊ အရှေ့အာရှ ပစိဖိတ် နိုင်ငံတွေနဲ့ပါ ဆောင်ရွက်နေတာကိုလည်း ကျနော်တို့ အားပေးပါတယ်။ ကျနော်တို့ အနေနဲ့ကလည်း အဲ့ဒါမျိုးတွေကို ဆက်ပြီးတော့ လုပ်ပြီးတော့ တိုးတက်အောင် ဆောင်ရွက်ပေးချင်ပါတယ်။ အဲ့တော့ သမ္မတကြီးကို ကြိုဆိုပါတယ်။ သမ္မတကြီးရဲ့ ဦးဆောင်မှုနဲ့ ဒီ လမ်းကြောင်းသစ်ကို သွားနေတဲ့ကိစ္စမှာ အောင်အောင်မြင်မြင်ဖြစ်အောင်လည်း ကျနော်တို့က အားပေးပါမယ်။ တချိန်တည်းမှာပဲ ဒါကလည်း အင်မတန်မှ ရှည်လျားတဲ့ခရီး ဖြစ်တဲ့အတွက်ကြောင့် ဒီလိုပဲရှိပါလိမ့်မယ်။”

သမ္မတ ဦးသိန်းစိန်
“သမ္မတကြီး မစ္စတာ အိုဘားမားကို ကျနော့်အနေနဲ့ ကျေးဇူးတင်ပါတယ်။ ကျနော် ဒီ ဝါရှင်တန်ဒီစီကို ပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်သလို၊ ဒီ White House ကိုလည်း ပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်ပါတယ်။ အခုလို ကျနော်တို့နှစ်ယောက် ရင်းနှီးပွင့်လင်းစွာနဲ့ တိုင်ပင်ဆွေးနွေးခွင့်ရတဲ့အတွက်ကြောင့် ကျနော့်အနေနဲ့ များစွာ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အဲ့တော့ ကျနော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုဟာ ၁၉၄၇ ခု လွတ်လပ်ရေး မရခင်ကတည်းက သံတမန်ဆက်သွယ်မှု ရှိခဲ့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဟိုတုန်းကလည်း နိုင်ငံအကြီးအကဲတွေ လာရောက်လည်ပတ်မှုတွေ ရှိခဲ့ပါတယ်။ အမှန်တော့ သမိုင်းကြောင်းအရ ကျနော်တို့ ရင်းနှီးပြီးသား နိုင်ငံတွေဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ အကြောင်းကြောင်းတွေကြောင့် ကျနော်တို့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ခုနကလို အခက်အခဲတွေ ဒါတွေနဲ့ ကျနော်တို့ ကြုံတွေ့ရတာတွေ ရှိပါတယ်။ ကျနော်တို့ဆိုလို့ရှိရင် နှစ်ပေါင်း ၅၀ အတွင်းမှာ မြန်မာနိုင်ငံရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ အခုလို ကျနော်တို့ အမေရိကန်ကို လာခွင့် ကျနော်တို့ ရတာဖြစ်ပါတယ်။ သမ္မတကြီး ဖိတ်ကြားပေးတဲ့အတွက်ကြောင့် အခုလို လာရောက်နိုင်ခြင်းလည်း ဖြစ်ပါတယ်။ အဲ့တော့ မြန်မာနိုင်ငံမှာ ဒီကနေ့ ဒီမိုကရေစီ စနစ်ကိုလည်း ပြောင်းလဲပြီးတော့ ကျနော်တို့ ကျင့်သုံးနေပြီဖြစ်တဲ့အတွက်ကြောင့် အမေရိကန် ပြည်ထောင်စုနဲ့လည်း နိုင်ငံရေးစနစ်ခြင်း တူညီမှု ကျနော်တို့ ဒါ ရှိနေပြီလို့ ပြောလို့ရပါတယ်။”

“အဲ့တော့ နှစ်နှစ်တာကာလအတွင်းမှာ ကျနော်တို့ရဲ့ အစိုးရသက်တမ်းဟာ နှစ်နှစ် ကျနော်တို့ ရှိသွားပါပြီ။ နှစ်နှစ်တာကာလအတွင်းမှာ နိုင်ငံရေး ပြောင်းလဲမှုတွေ၊ စီးပွားရေး ပြောင်းလဲမှုတွေ၊ ဒါတွေကို ကျနော်တို့ ကြိုးပမ်းပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ကျနော်တို့မှာ ဒီမိုကရေစီနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံတွေ အလေ့အကျင့်တွေ ကျနော်တို့ ဒါ နည်းပါသေးတယ်။ အောင်မြင်မှုတွေ ရှိခဲ့သလို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ဒါတွေလည်း ကျနော်တို့ ကြုံတွေ့နေရပါတယ်။ ကျနော်တို့မှာ ရှိပါတယ်။ ကျနော်တို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ကျနော်တို့ အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေး အခုလို ပြန်လည်ပြီးတော့ ကောင်းမွန်ဖို့အတွက် သမ္မတကြီးရဲ့ မူဝါပြောင်းလဲ သတ်မှတ်ပေးမှုအပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် သမ္မတကြီးကိုလည်း ကျနော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးကို စတင်ပြီးတော့ ကျနော်တို့ ဖော်ဆောင်ပေးတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ကျနော်တို့လို ဖွံ့ဖြိုးစ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအနေနဲ့ အခုလို ကျနော်တို့ စနစ်ကို ပြောင်းလဲတဲ့အခါမှာ အခက်အခဲတွေ မျိုးစုံ ကျနော်တို့ ရှိပါတယ်။ ဒီအထဲမှာ ကျနော်တို့ ခုနက ဆင်းရဲနွမ်းပါးမှုနှုန်းတွေ မြင့်မားနေတာတွေ၊ နောက်တခါ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးနေတာ နောက်တခါ လူတွေရဲ့ ဒီမိုကရေစီ အတွေ့အကြုံ ဒီမိုကရေစီ အလေ့အကျင့်တွေ ကျနော်တို့ နည်းပါးနေတာတွေ၊ နောက်တခါ ကျနော်တို့မှာ အလယ်အလတ်တန်းစားတွေ၊ အရည်အချင်းရှိတဲ့ အလယ်အလတ်တန်းစားတွေ ဒါတွေ ကျနော်တို့ နည်းပါးနေတဲ့အတွက်ကြောင့်မို့ နိုင်ငံတော်ကို ပြောင်းလဲထူထောင်တဲ့အခါမှာ ခုနကလို ကျနော်တို့ အခက်အခဲ မျိုးစုံတွေ ကျော်ဖြတ်ပြီးတော့ ကျနော်တို့ ဆောင်ရွက်နေရပါတယ်။ သို့သော်လည်းပဲ တချို့ အခက်အခဲတွေကို ကျနော်တို့ စာနာထောက်ထားပြီးတော့ အမေရိကန် သမ္မတကြီးအနေနဲ့ တချို့ဟာတွေကို ကူညီဆောင်ရွက်ပေးနေတဲ့အတွက်ကြောင့် ကျနော်တို့ ဒါ အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ အခြေအနေတွေလည်း ကျနော်တို့ ရှိလာပြီဖြစ်ပါတယ်။”

“အဲ့တော့ သမ္မတကြီးနဲ့ ကျနော်တို့ အခု ဆွေးနွေးကြတာက စောစောက သမ္မတကြီး ပြောသွားသလိုပါပဲ ဥပဒေရေးရာကိစ္စတွေ ဒါတွေ ကျနော်တို့ ပါဝင်ပါတယ်။ နောက်တခါ ကျနော်တို့ တရားဥပဒေစိုးမိုးရေးအပိုင်းတွေ၊ နောက် ရဲတို့ တပ်တို့ အရည်အသွေးတွေ ကျနော်တို့ မြင့်မားရေးကိစ္စတွေ၊ နောက်တခါ ဆင်းရဲနွမ်းပါးတဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝကို မြှင့်တင်ပေးမယ့် ကိစ္စတွေ၊ နောက်တခါ ပညာရေး၊ ကျန်းမာရေး ဒီကိစ္စတွေ ကျနော်တို့ ကဏ္ဍစုံ ဆွေးနွေး ကျနော်တို့ အမြင်ချင်း ဖလှယ်နိုင်ခဲ့ပါတယ်။ သမ္မတကြီးဆီကနေလည်း ခုနလို မြန်မာနိုင်ငံအပေါ်မှာ သဘောထားတွေ၊ အမြင်တွေ၊ သိရှိရတဲ့အတွက်ကြောင့် ကျနော်တို့တွေ များစွာ ဒီဆွေးနွေးပွဲကတော့ အကျိုးရှိတဲ့ ပွဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ခရီးစဉ်ကလည်း အင်မတန်မှ အကျိုးရှိတဲ့ ခရီးစဉ်တစ်ခု ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ ဒီမိုကရေစီရှေ့ကို ဆက်လက်ပြီးတော့ ရှင်သန်ဖွံ့ဖြိုးဖို့အတွက် ကျနော်တို့ ဒီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ၊ ဒါတွေကို ကျနော်တို့ လုပ်နေပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာ တစ်ခုနဲ့တစ်ခု ကျနော်တို့ ခွဲခြားလို့ မရပါဘူး။ ကျနော်တို့ ခွန်အားနဲ့ ကျနော်တို့နိုင်ငံအတွက် လုပ်နေသလို တဘက်ကလည်း ကျနော်တို့ကို ထောက်ခံအားပေးတဲ့ ပြည်ပရဲ့ ခွန်အားတွေကိုပါ ကျနော်တို့ ရယူပြီးတော့မှ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြောချင်တာကတော့ ဒီမိုကရေစီစနစ် ရှေ့ကို ဆက်လက်ပြီးတော့ ရှင်သန်ဖွံ့ဖြိုးဖို့အတွက် သမ္မတကြီး မကြာခဏ ပြောဖူးသလိုပါပဲ Forward ဆိုတဲ့အတိုင်းပဲ ကျနော်တို့ရဲ့ ဒါ Move Forward ဆိုပြီး ဆက်ပြီးတော့ သွားမှာဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။”
XS
SM
MD
LG