သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုံယမ်း အင်တာနက် အမေရိကန် နှစ်ချီ ထိုးဖောက်နိုင်ခဲ့


မြောက်ကိုရီးယားရဲ့ ကွန်ပြူတာစနစ်တွေကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး အခုလို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့နည်းပညာအစွမ်းကြောင့် မကြာသေးမီက ဆိုနီ ရုပ်ရှင်ထုတ်လုပ်ရေးကော်ပိုရေးရှင်းကို အင်တာနက်ကနေ တိုက်ခိုက်မှု အတွက် မြောက်ကိုရီးယားကနေ တာဝန်ယူလုပ်ဆောင်ခဲ့တယ်ဆိုတာကို အမေရိကန်ဘက်က အတိအကျပြောနိုင်ခဲ့တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကွန်ပြူတာစနစ်တွေကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ malware ကွန်ပြူတာနည်းပညာကို အသုံးပြုခြင်းအားဖြင့် ၂၀၁၀ ခု နှောင်းပိုင်းကစလို့ မြောက်ကိုရီးယားရဲ့ကွန်ပြူတာကို အမေရိကန်က ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ အမေရိကန်နဲ့ နိုင်ငံခြားထောက်လှမ်းရေးအရာရှိတွေကို ကိုးကားပြီး The New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားကို ပြင်ပကမ္ဘာနဲ့ဆက်သွယ်ပေးထားတဲ့ တရုတ်ကွန်ပြူတာ ကွန်ယက်တွေကို အမေရိကန်ထောက်လှမ်းရေးက ထိုးဖောက်နိုင်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားဘက်က အင်တာနက်ထိုးဖောက်တဲ့ ဟက်ကာတွေရဲ့ အသုံးများတဲ့ မလေးရှားဆက်သွယ်မှုကတဆင့် ဆက်စပ်မှုကိုရရှိခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားနဲ့ တခြား အမေရိကန်မဟာမိတ် နိုင်ငံတွေရဲ့ အကူနဲ့ရယူပြီး အခုလို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာဖြစ်ကြောင်း The New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းအပေါ် နိုဝင်ဘာလက အင်တာနက်ကနေတိုက်ခိုက်မှုဟာ မြောက်ကိုရီးယားလက်ချက်ဖြစ်ကြောင်း လူသိရှင်ကြား စွပ်စွဲပြောဆိုနိုင်ဖို့ သမ္မတဘာရက်အိုဘားမားကို နားချရာမှာ အခုလို မြောက်ကိုရီးယား ကွန်ပြူတာစနစ်တွေကို အမေရိကန်က ထိုးဖောက်နိုင်ခဲ့တဲ့ အချက်ဟာ အဓိကအကြောင်းဖြစ်တယ်လို့ အစိုးရအရာရှိတွေက ပြောကြောင်း The New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG