သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အဖွဲ့ကို တိုက်ခိုက်ရေးအစီအစဉ် မကြာခင် အိုဘားမား ချပြမည်


Kardish တိုက်ခိုက်ရေးသမားတဦး IS အဖွဲ့ရှိရာကို အဝေးကြည့်မှန်ပြောင်းနဲ့ ထောက်လှမ်းနေစဉ်။
Kardish တိုက်ခိုက်ရေးသမားတဦး IS အဖွဲ့ရှိရာကို အဝေးကြည့်မှန်ပြောင်းနဲ့ ထောက်လှမ်းနေစဉ်။

အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုအပေါ် ဘယ်လို ကိုင်တွယ် ဆောင်ရွက်ဖို့ရှိတယ်ဆိုတဲ့ သူ့ရဲ့ အစီအစဉ် အကြမ်းဖျင်းကို အခုသီတင်းပတ်အတွင်း ချပြမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားက ပြောလိုက်ပါတယ်။

NBC ရုပ်သံဌာနနဲ့ တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူ့အနေနဲ့ ဒီကိစ္စကို ဆွေးနွေးတိုင်ပင်ဖို့ ကွန်ဂရက်လွှတ်တော် ခေါင်းဆောင်တွေနဲ့ အင်္ဂါနေ့မှာ တွေ့ဆုံဖို့ရှိကြောင်း သမ္မတအိုဘားမားက ပြောပါတယ်။ အဲဒီနောက် သမ္မတဟာ နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အုံ တိုက်ခိုက်ခံရတဲ့ ၁၃ နှစ်ပြည့်မြောက် အထိမ်းအမှတ် အကြိုနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ သူ့ရဲ့မြေပြင်တပ်ဖွဲ့တွေကို အီရတ်နိုင်ငံအတွင်း စေလွှတ်မယ့်အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

ကျနော်တို့ဟာ နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ မြေပြင်မှာ တိုက်ခိုက်နေကြတဲ့ အီရတ်တပ်ဖွဲ့တွေနဲ့ Kurdish တပ်ဖွဲ့တွေကို လေကြောင်းကနေ အထောက်ကူပေးတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်သွားမှာပါ။ အီရတ်တပ်တွေ၊ Kurdish တပ်ဖွဲ့တွေ၊ ISIL စစ်သွေးကြွတွေ သိမ်းထားတဲ့ နေရာတွေကို ပြန်ပြီးတော့ သိမ်းပိုက်နိုင်အောင် ပူးပေါင်းစီစဉ်ပြီး လုပ်သွားမှာ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ISIL စစ်သွေးကြွတွေ အရှိန်လျှော့ကျသွားအောင် လုပ်ဆောင်ဖို့ လနဲ့ချီပြီး အချိန်ယူရတာကို လူထုအနေနဲ့ နားလည်စေချင်ပါတယ်။ ကျနော်တို့အနေနဲ့ သူတို့ကို တဖြည်းဖြည်း ဦးကျိုးသွားအောင် စနစ်တကျ လုပ်သွားမှာပါ။ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ကျုံ့သွားအောင် လုပ်ပြီးမှဖြိုခွဲပစ်ရမှာဖြစ်ပါတယ် - လို့ သမ္မတ အိုဘားမားက ပြောသွားပါတယ်။

ထောက်လှမ်းရေး အချက်အလက်တွေအရ အစ္စလာမ်မစ် စစ်သွေးကြွတွေအနေနဲ့ အမေရိကန်နိုင်ငံရဲ့ အမိမြေကို ချက်ချင်း လက်ငင်း ခြိမ်းခြောက်တဲ့ အနေအထားမရှိကြောင်း သမ္မတက ပြောပါတယ်။

တချို့ အမေရိကန် ဥပဒေပြု လွှတ်တော်အမတ်တွေကတော့ ဆီးရီးယားနိုင်ငံအပါဝင် စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ တိုးမြှင့် တိုက်ခိုက်ဖို့ သမ္မတကို တိုက်တွန်းနေကြပါတယ်။

XS
SM
MD
LG