သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တက္ကသိုလ်မှာ အိုဘားမား မိန့်ခွန်းပြောမည်


ရန်ကုန်တက္ကသိုလ်မုဒ်ဦး
ရန်ကုန်တက္ကသိုလ်မုဒ်ဦး
တနင်္လာနေ့မှာ မြန်မာနိုင်ငံကိုရောက်လာမဲ့ အမေရိကန်သမ္မတ Barack Obama ဟာ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောဖို့ အစီအစဉ်ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ တက္ကသိုလ် ပညာရေးအဆင့်အတန်းကို မြှင့်တင်ဖို့ ပိုပြီး တွန်းအားပေးရာ ရောက်မယ်လို့ ရန်ကုန်တက္ကသိုလ် အငြိမ်းစား တာဝန်ခံပါမောက္ခ ဒေါက်တာ ထွန်းခင်က ပြောလိုက်ပါတယ်၊ ဒီအကြောင်း အပြည့်အစုံကို ဘန်ကောက် VOA ရုံးခွဲက မစုမြတ်မွန်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို နေ့ချင်းပြန်ရောက်လာမဲ့ အမေရိကန်သမ္မတ Barack Obama ဟာ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောမယ်လို့ အိမ်ဖြူတော်က အသိပေးထားပါတယ်။ ရန်ကုန် ပင်မ တက္ကသိုလ်ထဲက ဘွဲ့နှင်းသဘင် အဆောက်အဦးမှာ ပြောကြားမှာ ဖြစ်ပါတယ်။ ခုလို အမေရိကန်သမ္မတ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောဖို့ ရှိနေတာဟာ အင်မတန်ထူးခြား ဝမ်းသာ စရာဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် အငြိမ်းစား တာဝန်ခံပါမောက္ခချုပ် Dr. ထွန်းခင်က VOA မြန်မာပိုင်းကိုပြောပါတယ်။

“အမေရိကန်သမ္မတ တစ်ယောက်အနေနဲ့ ရန်ကုန်တက္ကသိုလ်က ဘွဲ့နှင်းသဘင်မှာ လာပြီးတော့ မိန့်ခွန်းစကားပြောကြားမယ်ဆိုတာဟာ အင်မတန်မှာ ဝမ်းသာစရာလည်း ကောင်းတယ်။ ဂုဏ်ယူစရာလည်း ကောင်းပါတယ်။ အမေရိကန်သမ္မတကြီးဟာ နိုင်ငံတိုင်း သွားချင်မှ သွားမှာပေါ့နော်။ သွားတောင်မှ တက္ကသိုလ်တွေကို သူလည်ချင်မှလည်မယ်ပေါ့နော်။ အခုရန်ကုန်ကို ရောက်တဲ့အခိုက်မှာ ယခင်က အထင်ကရဖြစ်ခဲ့တဲ့ တက္ကသိုလ်ကြီးပေါ့နော်။ အခုလည်းပဲ ပညာရေး အဆင့်မြှင့်ဖို့ အတွက် အားလုံးက ဝိုင်းဝန်းကြိုးစားနေတဲ့အချိန်ပေါ့နော်။ သမ္မတကြီးက ဒီနေရာကို လာရောက်ပြီး မိန့်ခွန်းပြောမယ်ဆိုတာ အင်မတန်မှ ဂုဏ်ယူစရာလည်းကောင်းတယ်။ ကျနော့်အနေနဲ့ ဝမ်းလည်းဝမ်းသာပါတယ်။”

အခုလို သမ္မတ Obama မိန့်ခွန်းပြောတဲ့ နေရာကို ရန်ကုန်တက္ကသိုလ် ကို ရွေးချယ်တဲ့အတွက် မြန်မာနိုင်ငံ တက္ကသိုလ် ပညာရေးအဆင့်အတန်းကို မြှင့်တင်ဖို့ ပိုပြီး တွန်းအားပေးရာရောက်မယ်လို့ မြင်ပါသလားလို့လဲ Dr. ထွန်းခင်ကို မေးပါတယ်။

“မြင်ပါတယ်ခင်ဗျာ။ မြင်ပါတယ်။ အခုလို တက္ကသိုလ်ဘွဲ့နှင်းသဘင်မှာ ပြောတယ်ဆိုတာ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တခုပါပဲနော်။ အင်မတန်မှ တက္ကသိုလ်အနေနဲ့လည်း ဆရာ၊ ဆရာမတွေ၊ ပညာရေးအမှုထမ်းတွေ အားလုံးကလည်း ဝမ်းသာပြီး ဂုဏ်ယူကြမှာဖြစ်ပါတယ်။ နောက်တခုက ပညာရေးမြှင့်တင်ချိန်မှာ ရောက်လာတဲ့အတွက်ကြောင့် အားလုံးလည်း ဝမ်းပမ်းတသာနဲ့ ကြိုဆိုကြမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံက တက္ကသိုလ်တွေ ပညာရေးပိုင်းအကူအညီတွေကို အမေရိကန် တက္ကသိုလ်တွေအနေနဲ့ နောင်မှာ ပိုပြီးတော့ အကူအညီတွေမေးလာမယ်လို့ မျှော်လင့်တယ် လို့လဲ ရန်ကုန်တက္ကသိုလ် အငြိမ်းစား တာဝန်ခံပါမောက္ခချုပ် Dr. ထွန်းခင်က VOA မြန်မာပိုင်းကို ပြောပါတယ်။

“ လောလောဆယ် Johns Hopkins University က ရန်ကုန်တက္ကသိုလ်နဲ့ ချိတ်ဆက်ပြီးတော့ Social Science ဘာသာရပ်တွေအားလုံးမှာ ဖွံ့ဖြိုးတိုးတက်အောင် ကူညီနေပါပြီ။ နောက်လည်းပဲ သိပ္ပံပညာရပ်နဲ့ဆိုင်တဲ့ ပါမောက္ခတွေဖြစ်စေ၊ ကထိကတွေဖြစ်စေ၊ လူအားသို့မဟုတ် ပစ္စည်းအားနဲ့ အင်တိုက်အားတိုက် ကူညီလိမ့်မယ်လို့ ဆရာမျှော်လင့်ပါတယ်။"

ရန်ကုန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုမှာ အင်မတန် အရေးပါခဲ့သလို၊ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ဒီမိုကရေစီ လှုပ်ရှားမှုမှာ အဓိကကျခဲ့တဲ့ တက္ကသိုလ်ဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ အသိပေးချက်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီလို မြန်မာနိုင်ငံအတွက် အင်မတန် သမိုင်းဝင်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်မှာ မြန်မာနိုင်ငံရဲ့ အနာဂါတ်၊ အမေရိကန်ပြည်ထောင်စု နဲ့ မြန်မာနိုင်ငံကြား အနာဂါတ် ဆက်ဆံရေးတို့နဲ့ ပါတ်သက်တဲ့ မိန့်ခွန်းကို အမေရိကန်သမ္မတ Barack Obama က အဓိက အသားပေးပြောကြားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
XS
SM
MD
LG