သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ချေမှုန်းရေး စစ်အင်အားသုံးခွင့် အိုဘားမား လွှတ်တော်ကိုတောင်းခံ


Islamic State - IS အကြမ်းဖက်အုပ်စု နှိမ်နင်းရေး စစ်ဆင်မှုမှာ စစ်အင်အားကို တရားဝင် အသုံးပြုခွင့် ရရှိရေးအတွက် အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက လွှတ်တော်ထံ ဗုဒ္ဓဟူးနေ့က တောင်းခံလိုက်ပါတယ်။

ဒါပေမဲ့ ဒီခွင့်ပြုချက်ဟာ အီရတ်နဲ့ အာဖဂန်မှာ အမေရိကန်က ဆင်နွှဲခဲ့တဲ့ မြေပြင်စစ်ပွဲအသွင်မျိုး နောက်ထပ် ဖြစ်လာမယ့် အလားအလာ မရှိတဲ့အကြောင်း မစ္စတာ အိုဘားမားက အိမ်ဖြူတော်မှာ နောက်ပိုင်း ပြောကြားခဲ့ပါတယ်။

ဒီခွင့်ပြုချက်အရ IS အကြမ်းဖက်အုပ်စုခေါင်းဆောင်တွေ စုဝေးရောက်ရှိနေတဲ့ ခိုင်လုံတဲ့ ထောက်လှမ်းရေးသတင်း ရရှိရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ အရေးယူ ဆောင်ရွက်နိုင်ဖို့ သမ္မတအနေနဲ့ အထူးတပ်ဖွဲ့တွေကို စေလွှတ်ခွင့် ရရှိမှာဖြစ်တယ်လို့လည်း သမ္မတက ဥပမာပေး ရှင်းပြခဲ့ပါတယ်။

အဆိုပြုထားတဲ့ ခွင့်ပြုချက်ကို ၇ နှစ်တာကာလအထိ ကန့်သတ်ထားမှာဖြစ်ပြီး၊ အမေရိကန် စစ်သားတွေအနေနဲ့ ရေရှည် မြေပြင်ထိုးစစ်ဆင်မှုတွေမှာ ပါဝင်ခွင့်ကို တားမြစ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ အစီအစဉ်ဟာ အချိန်ယူမှာဖြစ်ပြီး၊ ခက်ခဲမှာဖြစ်တဲ့အကြောင်း သမ္မတက တနိုင်ငံလုံးကို ထုတ်လွှင့်တဲ့ ရုပ်သံလွှင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ညွန့်ပေါင်းတပ်ဖွဲ့အနေနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး၊ IS စစ်သွေးကြွတွေဘက်က ခံစစ်ဖြစ်နေတာကြောင့် IS တွေဟာ အရေး ရှုံးနိမ့်မှာဖြစ်တယ်လိုပလည်း သမ္မတက ပြောကြားသွားပါတယ်။ အီရတ်နဲ့ အာဖဂနစ္စတန်မှာလို ကျယ်ပြန့်တဲ့ စစ်ဆင်ရေးတွေကိုတော့ အမေရိကန်တပ်အစား ဒေသခံတပ်တွေက တာဝန်ယူဖို့ လိုတဲ့အကြောင်း မစ္စတာ အိုဘားမားက သူ့ရဲ့အဆိုပြုချက် မူကြမ်းမှာ ဖော်ပြခဲ့ပါတယ်။

ဒီအဆိုပြုချက်ဟာ အီရတ်စစ်ဆင်နွှဲဖို့ ၂၀၀၂ ခုနှစ်က အရေးယူ ဆောင်ရွက်မှုကို ဖျက်သိမ်းရာရောက်စေမှာဖြစ်ပေမဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက် ခံရမှုအပြီး မကြာမီ အတည်ပြုခဲ့တဲ့ အယ်လ်ကိုင်းဒါးနဲ့ သူ့အဖွဲ့တွေကို ချေမှုန်းမှု တစိတ်တပိုင်းဖြစ်တဲ့ ၂၀၀၁ ခု ခွင့်ပြုမိန့်ကိုတော့ ဆက်လက် ထားရှိသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG