သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက် ပြဿ နာ အရေး အိုဘားမား မိန့်ခွန်း ပြောမည်


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား မိန့်ခွန်းပြောစဉ်။
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား မိန့်ခွန်းပြောစဉ်။

ပြင်သစ်နိုင်ငံပဲရစ်မြို့နဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ မကြာသေးခင်က တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်သူတွေကို ကြောက်ရွံ့ပြီး အရှုံးမပေးကြဖို့ အမေရိကန်သမ္မတဘရက်ခ်အိုဘားမားက သူ့ရဲ့ Oval ရုံးခန်းကနေ တနင်္ဂနွေနေ့ညမှာ မိန့်ခွန်းပြောပြီး တိုက်တွန်းသွားဖို့ရှိနေပါတယ်။

အိုဘားမားအစိုးရအဖွဲ့အနေနဲ့ အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို အလေးအနက်ထား လုပ်ဆောင်နေတယ်ဆိုတာကို အမေရိကန်ပြည်သူတွေကို အာမခံတဲ့အနေနဲ့ သူ့ရဲ့ Oval ရုံးခန်းကနေ ရှားရှားပါးပါး မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

ဒီမိန့်ခွန်းအတွင်း တခြားမူဝါဒဆိုင်ရာ အပြောင်းအလဲတွေနဲ့ ကြေငြာချက်တွေတော့ ထုတ်ပြန်သွားဖို့တော့ မမျှော်လင့်ရပါဘူး။ သမ္မတအိုဘားမားရဲ့ ပြောကြားချက်ထဲမှာ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေဟာ ဘယ်လိုပြောင်းလဲပေါ်ပေါက်လာနေတယ်ဆိုတာ နဲ့ အမေရိကန်ပြည်သူတွေ ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် အစိုးရက ဘာတွေလုပ်ဆောင်နေတယ်ဆိုတာကို အဓိကထားပြောကြားသွားမှာဖြစ်တ်ယလို့ အမေရိကန်အစိုးရ တာဝန်ရှိသူတဦးကပြောပါတယ်။


သမ္မတအိုဘားမားက အမေရိကန်ပြည်သူတွေကို ကြောက်ရွံ့အရှုံးမပေးဘဲ၊ ကိုယ်လုပ်စရာရှိတာတွေကို အကောင်းဆုံးလုပ်ဆောင်ကြဖို့ ပြောကြားလာနိုင်တယ်လို့ အမေရိကန်ရှေ့နေချုပ် Loretta Lynch က NBC ရုပ်သံရဲ့ Meet the Press အစီအစဉ်ကို ပြောပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုတွေက ပြည်သူတွေကို ကြောက်လန့်စေပြီး၊ လူတွေအတော်များများလည်း ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့ပါတယ်။

လူတွေအနေနဲ့ စိုးရိမ်နေကြပြီး ဒါကို သူ့အနေနဲ့ နားလည်တယ်လို့ အမေရိကန်ရှေ့နေချုပ် လော်ရက်တာလင့်ချ်က ပြောကြာလးိုက်ပါတယ်။ သမ္မတအိုဘားမားအနေနဲ့ အခုထက် ပိုတင်းကြပ်တဲ့ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေပြဌာန်းဖို့ ထပ်လောင်းတောင်းဆိုလာနိုင်တယ်လို့ သူကပြောပါတယ်။


သမ္မတအိုဘားမားရဲ့ မိန့်ခွန်းကိုအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းကနေ နောက်ပိုင်းမှာ အချိန်နဲ့ တပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG