နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ ကျူးဘားပြည်သူတွေရဲ့ ဘဝတိုးတက်ဖို့ ကြိုးပမ်း အားထုတ်တဲ့အနေနဲ့ နောက်လမှာ ကျူးဘားကိုသွားမယ်လို့ အမေရိကန်သမ္မတ Barack Obama က ဒီကနေ့ ကြာသာပတေးနေ့မှာ အတည်ပြု လိုက်ပါတယ်။ ကွန်မြူနစ် ကျူးဘားခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ လူ့အခွင့်အရေး ကိစ္စကိုလည်း ထည့်သွင်းပြောကြားဖို့ ကတိပြုကြောင်း သမ္မတက သူ့ရဲ့ တွိတာ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။
နှစ်ပေါင်း ၉၀ နီးပါးအတွင်း အမေရိကန်သမ္မတယောက်ရဲ့ပထမဆုံး သမိုင်းဝင် ခရီးစဉ်ဟာ၊ အမေရိကန် ကျူးဘား ဆက်ဆံရေးကဏ္ဍသစ် ဖွင့်လှစ် လိုက်တာဖြစ် သလို၊ အမေရိကန်နဲ့ ကျူးဘားနိုင်ငံသားတွေ အပြန်အလှန် သွား ရောက် လည်ပတ်တာ၊ ကုန်သွယ်မှုနဲ့နိုင်ငံသားတွေအနေနဲ့ လိုအပ်တဲ့ သတင်း အချက်အလက်တွေ ရရှိဖို့ စတဲ့အမေရိကန်သမ္မတရဲ့ သန္နိဋ္ဌာန် ကိုပြသလိုက်တာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။
အာဂျင်တီးနားနိုင်ငံကို မသွားခင် ကျူးဘားနိုင်ငံကို မတ်လ ၂၁ ရက်နေ့မှာ သမ္မတ အိုဘားမား ရောက်ရှိမှာပါ။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ ၂ နိုင်ငံကြား ဆက်ဆံရေးသစ် စတင်လိုက်ပြီးနောက် စစ်အေးခေတ် ရန်ဘက်နိုင်ငံဖြစ်တဲ့ ကျူးဘားနဲ့ သံတမန် ဆက်ဆံရေး ပြန်လည်ထားရှိလာပြီး ဝါရှင်တန်နဲ့ ဟာဗာနာမှာ သံရုံးတွေအပြန်အလှန် ဖွင့်လှစ်ခဲ့ပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှု အားပေးတဲ့နိုင်ငံတွေစာရင်းထဲကနေ ကျူးဘားကို အမေရိကန်က ပယ်ဖျက်ပေးခဲ့ပါတယ်။ သမ္မတ Obama နဲ့ ကျူးဘားသမ္မတ Raul Castro ဟာ ပုံမှန်ဆက်သွယ် စကားပြောဆိုမှု ရှိပြီး ၂ ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။