သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရွေးကောက်ပွဲ အိုဘားမား အနိုင်ရ


ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ရှီကာဂိုမြို့၊ မဲဆွယ် စည်းရုံးရေး ဌာနချုပ်တွင် တွေ့ရသည့် သမ္မတ ဘရာ့ခ် အိုဘားမား၊ သမ္မတကတော် မီရှဲလ် အိုဘားမား၊ ဒုတိယသမ္မတ ဂျိူးဘိုင်ဒန်နှင့် ဒုတိယ သမ္မတ ကတော် ဂျီးလ် ဘိုင်ဒန်။ နိုဝင်ဘာ ၇၊ ၂၀၁၂။
ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ရှီကာဂိုမြို့၊ မဲဆွယ် စည်းရုံးရေး ဌာနချုပ်တွင် တွေ့ရသည့် သမ္မတ ဘရာ့ခ် အိုဘားမား၊ သမ္မတကတော် မီရှဲလ် အိုဘားမား၊ ဒုတိယသမ္မတ ဂျိူးဘိုင်ဒန်နှင့် ဒုတိယ သမ္မတ ကတော် ဂျီးလ် ဘိုင်ဒန်။ နိုဝင်ဘာ ၇၊ ၂၀၁၂။
ဘရာ့ခ် အိုဘားမားဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် ဒုတိယအကြိမ် လေးနှစ်သက်တမ်းအတွက် ထပ်ပြီး ရွေးကောက် တင်မြှောက်ခံလိုက်ရပြီဖြစ်ပါတယ်။ အင်္ဂါနေ့က တနိုင်ငံလုံးမှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတက ပြိုင်ဘက် ရီပတ်ဘလီကန်သမ္မတလောင်း မစ်တ် ရွမ်မ်နီကို အနိုင်ရခဲ့တာပါ။ ဒီကနေ့မနက်ပိုင်း လင်းအားကြီး အချိန်မှာ အဆုံးသတ်သွားခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲ နောက်ဆုံးအခြေအနေကို ဗွီအိုအေသတင်းထောက် Kent Klein က သတင်းဆောင်းပါး ရေးထားပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ ဆက်ပြောပြပါမယ်။

အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသားတွေထဲက အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသော သမ္မတဖြစ်သူဟာ ဒုတိယအကြိမ် လေးနှစ်သက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခံရဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲအရေအတွက် ၂၇၀ ထက် ကျော်ရပြီး သမ္မတရွေးကောက်ပွဲကို အနိုင်ရသွားပါပြီ။

ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့နောက် မစ္စတာအိုဘားမားဟာ ရှီကာဂိုမြို့မှာ စုဝေးနေကြတဲ့ သူ့ကို ထောက်ခံသူ ထောင်ပေါင်း များစွာကို မိန့်ခွန်းပြောခဲ့တာမှာ တိုင်းပြည်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ရာ သူဟာ ပိုပြီး သန္နိဋ္ဌာန် ခိုင်မာလာ၊ ပိုပြီး စိတ်အားတက်ကြွလာပါတယ်လို့ ပြောပါတယ်။

“အလုပ်လုပ်ဖို့အတွက် ခင်ဗျားတို့ မဲပေးခဲ့ကြတာပါ၊ ပုံမှန်လုပ်နေကျ နိုင်ငံရေးကိစ္စအတွက် မဲပေးခဲ့တာ မဟုတ် ပါဘူး။ ကျနော်တို့ရဲ့ အလုပ်အကိုင်ပေါ် အာရုံစိုက်ဖို့မဟုတ်ဘဲ ခင်ဗျားတို့ရဲ့ အလုပ်အကိုင်ကိစ္စအပေါ်ကို အာရုံစိုက်ဖို့ ကျနော် တို့ကို ခင်ဗျားတို့ ရွေးကောက်တင်မြှောက်ခဲ့တာပါ၊ လာမယ့်သီတင်းပတ်တွေ၊ လတွေအတွင်း ကျနော်တို့အားလုံး အတူတကွ လက်တွဲဖြေရှင်းမှသာရနိုင်မယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ပါတီနှစ်ရပ်စလုံးက ခေါင်းဆောင်တွေကို ထိစပ်ပြီး လက်တွဲ လုပ်ဆောင်သွားဖို့ ကျနော် ရည်ရွယ်ထားပါတယ်။”
ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက် မိသားစုနှင့်အတူ ထောက်ခံသူများကို လက်ပြနှုတ်ဆက်နေသည့် သမ္မတ အိုဘားမား။ နိုဝင်ဘာ ၇၊ ၂၀၁၂။
ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက် မိသားစုနှင့်အတူ ထောက်ခံသူများကို လက်ပြနှုတ်ဆက်နေသည့် သမ္မတ အိုဘားမား။ နိုဝင်ဘာ ၇၊ ၂၀၁၂။


သူ့ရဲ့ဒုတိယသက်တမ်းအတွင်း အစိုးရဘဏ္ဍာရေး လိုငွေပြနေတာကို လျှော့ချဖို့၊ အခွန်အတုတ်ကောက်ခံခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေကို ပြုပြင်ပြောင်းလဲဖို့၊ နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့၊ ပြည်ပရေနံအပေါ် မှီခိုနေရတာကို လျှော့ချဖို့တွေအတွက် လုပ်ဆောင်သွားပါမယ်လို့ သမ္မတက ပြောခဲ့ပါတယ်။

အကျိတ်အနယ် မဲဆွယ်စည်းရုံးယှဉ်ပြိုင်ခဲ့ရတဲ့အပေါ် သူ့ရဲ့ပြိုင်ဘက်ဖြစ်သူကို ဂုဏ်ပြုစကားပြောခဲ့သလို မစ္စတာရွမ်မ်နီနဲ့ သူ့မိသားစုရဲ့ လူထုဝန်ထမ်း အစဉ်အလာကိုလည်း ချီးကျူးခဲ့ပါတယ်။ နိုင်ငံမှာရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် အဖြေရှာ တဲ့နေရာမှာ ရီပတ်ဘလီကန်တွေနဲ့ အတူ လုပ်ဆောင်သွားပါမယ်လို့ သမ္မတကပြောပါတယ်။

“ဒီတိုင်းပြည် ရှေ့ဆက်တိုးတက်သွားဖို့ အရေးမှာ ဘယ်လို အတူတကွ လက်တွဲ လုပ်ဆောင်သွားနိုင်မယ် ဆိုတာကို ဆွေးနွေးဖို့အတွက် အုပ်ချုပ်ရေးမှူး ရွမ်မ်နီနဲ့ လာမယ့်သီတင်းပတ်တွေအတွင်း တွေ့ဆုံသွားဖို့လည်း ကျနော် ရည်ရွယ်ထားပါတယ်။”

သမ္မတမိန့်ခွန်းမပြောခင် အချိန်ပိုင်းလေးမှာပဲ မစ္စတာရွမ်မ်နီကလည်း ဘော်စတွန်မြို့မှာ သူ့ကိုထောက်ခံသူတွေကို မိန့်ခွန်း ပြောပြီး သူရှုံးနိမ့်တယ်ဆိုတာကို လက်ခံခဲ့ပါတယ်။

“သမ္မတ အိုဘားမားဆီ ကျနော်ဖုန်းဆက်ပြီး သူ အနိုင်ရတဲ့အပေါ် ချီးကျူးကြောင်း ပြောခဲ့ပါတယ်။ သူ့ကို ထောက်ခံသူတွေနဲ့ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ဟာလည်း ဂုဏ်ပြု ချီးကျူးမှု ခံယူထိုက်ပါတယ်။ သူတို့အားလုံး ကျန်းမာ ပျော်ရွှင်စေဖို့ ကျနော် ဆုတောင်းပါတယ်။ ဒါပေမဲ့ အထူးသဖြင့်တော့ သမ္မတ၊ သမ္မတကတော်နဲ့ သူတို့ရဲ့ သမီးငယ်တွေ အတွက် ဆုတောင်းပေးပါတယ်။”

သူနဲ့ သူ့ရဲ့ ဒုတိယသမ္မတလောင်းဖြစ်သူ အောက်လွှတ်တော်အမတ် ပေါလ် ရိုင်ယန်တို့ဟာ မဲဆွယ်စည်းရုံးပွဲမှာ သူတို့ စွမ်းဆောင်နိုင်သမျှ အားကုန်ထုတ်လုပ်ဆောင်ခဲ့ပါတယ်လို့ မစ္စတာရွမ်မ်နီကဆိုပြီး ထောက်ခံသူတွေကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

“တိုင်းပြည်ကို မတူကွဲပြားတဲ့ လမ်းကြောင်းကနေ ဦးဆောင်မှုပေးဖို့ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်တွေကို ကျနော် ဖြည့်ဆည်းပေးနိုင်ရေး တကယ့်ကို ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း တိုင်းပြည်က တခြားခေါင်းဆောင်တယောက်ကို ရွေးချယ်ခဲ့ပါပြီ။ ဒါကြောင့် ခင်ဗျားတို့နဲ့အတူ ကျနော်နဲ့ ကျနော့်ရဲ့ဇနီးဖြစ်သူ Ann တို့ပါ အတူတကွ စုပေါင်းပြီး သမ္မတအတွက် ရော၊ ဒီ နိုင်ငံတော်ကြီးအတွက်ပါ စိတ်အားထက်သန်စွာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ခင်ဗျားတို့ဟာ အကောင်းဆုံး လူတွေပါပဲ၊ ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျား။”

ရွေးကောက်ပွဲအနိုင်ရဖို့ရာမှာ သူတို့နှစ်ဦးစလုံးအနေနဲ့ မနိုင်မဖြစ် နိုင်ဖို့လိုတဲ့ ဘယ်သူ့ဘက်ပါမယ်ဆိုတာ အသေအချာ မသိခဲ့ရ တဲ့ ပြည်နယ်တွေအားလုံးနီးပါးမှာ မစ္စတာအိုဘားမားက အနိုင်ရခဲ့တာပါ။

အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ လူထုဆန္ဒမဲ များရာနဲ့ ဆုံးဖြတ်တာမဟုတ်ဘဲ ပြည်နယ်တခုချင်းစီမှာ သတ်မှတ် ခွဲခြား ပေးထားတဲ့ ရွေးကောက်ပွဲဘုတ်အဖွဲ့ ကိုယ်စားလှယ်မဲအရေအတွက်နဲ့ ဆုံးဖြတ်တာဖြစ်ပါတယ်။

သမ္မတရွေးကောက်ပွဲနဲ့အတူ လွှတ်တော်ရွေးကောက်ပွဲတွေကိုလည်း တပါထဲ ကျင်းပခဲ့တာမှာ ရီပတ်ဘလီကန်ပါတီက အောက်လွှတ်တော်မှာ အသာစီးရထားတာကို ဆက်ထိန်းနိုင်ခဲ့ပြီး ဒီမိုကရက်တစ်ပါတီကလည်း အထက်လွှတ်တော်မှာ လူများစုဖြစ်နေတာကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။
XS
SM
MD
LG