အလုပ်သမားဈေးကွက် မြင့်တင်ဖို့၊ ယိုယွင်းနေတဲ့ လူဝင်မှုကြီးကြပ်ရေး စနစ်ကို ပြန်လည် ပြင်ဆင်ဖို့ ဆောင်ရွက်ချက်တွေနဲ့ ၂၀၁၄ ခုနှစ်ဟာ လုပ်ငန်းတွေ လက်တွေ့ အကောင်အထည် ဖော်ရမယ့် နှစ်လို့ အမေရိကန် သမ္မတ ဘရက်အိုဘားမားက ပြောလိုက်ပါတယ်။ သောကြာနေ့ က ပြုလုပ်တဲ့ နှစ်ကုန် သတင်းစာရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက အမေရိကန် စီးပွားရေး မကြာခင်က တိုးတက်လာခဲ့တဲ့အပေါ်မှာ မှတ်ချက်ပြု ပြောကြားခဲ့ပေမဲ့၊ တိုင်းပြည်ရဲ့ အလုပ်လက်မဲ့ ဦးရေကို လျှော့ချနိုင်အောင် နဲ့ ရေရှည် အလုပ်လက်မဲ့ ဖြစ်နေတဲ့ အလုပ်သမားတွေ အတွက် အလုပ်လက်မဲ့ အကျိုး ခံစားခွင့်တွေ သက်တမ်းတိုးဖို့ စတဲ့ ဆောင်ရွက်စရာကိစ္စတွေ ရှိနေသေးတဲ့အကြောင်း ပြောသွားပါတယ်။
ပြည်သူတွေ ကျန်းမာရေး အာမခံဝယ်ယူတဲ့နေရာမှာ အခက်အခဲဖြစ်နေတဲ့ အစိုးရရဲ့ ကျန်းမာရေး အာမခံလျှောက်ထားမှုစနစ် တိုးတက် လာတဲ့ အကြောင်းနဲ့၊ ကွန်ဂရက်လွှတ်တော်မှာ မကြာခင်က အစိုးရ အသုံးစရိတ် ဆိုင်ရာ သဘောတူညီမှုတွေ ရခဲ့တာကိုကြည့်ရင် အတောမသတ်နိုင် တဲ့ နိုင်ငံရေးချောင်ပိတ်မှုတွေ မရှိတော့ဘူး ဆိုတာကို ပြနေတယ် လို့လည်း သမ္မတက ပြောသွားပါတယ်။ အမေရိကန် နိုင်ငံရေးသုံးသပ်သူတွေကတော့ ၂၀၁၃ ခုနှစ်ဟာ သမ္မတအိုဘားမား အတွက် သမ္မတသက်တမ်း ၅ နှစ်ထဲမှာ အခက်ခဲဆုံးနှစ် တနှစ်လို့ ပြောကြပါတယ်။
CNN သတင်းဌာနက နောက်ဆုံး ကောက်ယူတဲ့ စစ်တမ်းအရ ဒီနှစ်အတွင်း သူ့ရဲ့ အုပ်ချုပ်ရေးကို ထောက်ခံသူဦးရေ သိသိသာသာ ကျဆင်းသွားခဲ့တာ ကို ဖော်ပြနေပါတယ်။ သမ္မတ အိုဘားမားဟာ Obamacare လို့ လူသိများတဲ့ သူ့ရဲ့ အထင်ကရ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပြုပြင် ပြောင်းလဲရေး စီမံကိန်းကြောင့် သိသိသာသာ ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။