သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား YSEALI လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမည်


လာအိုနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ Barack Obama ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ရှေးဟောင်း Luang Prabang မြို့ကိုသွားပြီး သမ္မတရဲ့ အစီအစဉ်တခုဖြစ်တဲ့ YSEALI အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ အစီအစဉ်ထဲမှာပါတဲ့ လူငယ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံ အမေး-အဖြေလုပ်ဖို့ အစီအစဉ် ရှိပါတယ်။

အင်္ဂါနေ့တုန်းကတော့ အာရှ-ပစိဖိတ်ဒေသဘက်ကို မဟာဗြူဟာမြောက် အမေရိကန်ရဲ့ အာရုံစိုက်မှုကို ပြောင်းခဲ့တဲ့အတွက် ရေရှည်အကျိုးသက်ရောက်မှုတွေ ရှိလာလိမ့်မယ်ဆိုတဲ့ မိန့်ခွန်းကို ဗီယန်ကျန်းမြို့တော်မှာ ပြောကြားခဲ့ပါတယ်။

နောင်ရာစုနှစ်အတွင်း အာရှ-ပစိဖိတ်ဒေသဟာ အမေရိကန်အတွက်ရော ကမ္ဘာကြီးအတွက်ပါ ပိုတောင် အရေးပါလာလိမ့်မယ်လို့ အစိုးရတာဝန်ရှိသူတွေ၊ စီးပွားရေးခေါင်းဆောင်တွေ၊ ကျောင်းသူကျောင်းသားတွေ၊ လူထုအခြေပြု အဖွဲ့ခေါင်းဆောင်တွေနဲ့ အမျိုးသမီးအဖွဲ့ဝင်တွေ စုစုပေါင်း ပရိသတ် ၁ ထောင်လောက်ကို လာအိုအမျိုးသားယဉ်ကျေးမှု ခန်းမကြီးမှာ မိန့်ခွန်းပြောကြားခဲ့တာပါ။

သူ့ရဲ့ သမ္မတသက်တမ်းအတွင်း အာရှ-ပစိဖိတ် ဒေသလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ခဲ့တာကို အကျယ်တဝင့် ပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အနာဂတ်သာယာဖို့နဲ့ လုံခြုံဖို့ အာရှ-ပစိဖိတ်ဒေသနဲ့ ထိတေ့ွ ဆက်ဆံရေးဟာ သိပ်အရေးကြီးတယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

လက်ရှိ တာဝန်ထမ်းနေတဲ့ အမေရိကန်သမ္မတတွေထဲမှာ ပထမဆုံး လာအိုနိုင်ငံကို သွားရောက်တဲ့ သမ္မတအိုဘားမားဟာ လာအိုသမ္မတ Bounnhang Vorachith နဲ့လည်း အင်္ဂါနေ့က တေ့ွဆုံခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ လူကုန်ကူးမှုနဲ့ ခေတ်သစ် ကျေးကျွန်ပြုခံနေရမှုတွေ အဆုံးသတ်နိုင်ရေးတို့အတွက် ပိုပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်ကြဲချခဲ့တဲ့ ဗုံးတွေကို ရှင်းလင်းရေးအတွက် လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ ၉၀ မီလျံ သုံးစွဲဖို့လဲ သမ္မတက ကြေညာခဲ့ပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ကျရင်တော့ လာအိုနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ အာဆီယံထိပ်သီးနဲ့ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲတွေကို သမ္မတအိုဘားမား တက်ရောက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG