သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ ခေါင်းဆောင် လှမျိုးနောင် ကွယ်လွန်


ကိုလှမျိုးနောင် ၈၈မျိုးဆက်ခေါင်းဆောင် သတင်းဓာတ်ပုံ-( ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)
ကိုလှမျိုးနောင် ၈၈မျိုးဆက်ခေါင်းဆောင် သတင်းဓာတ်ပုံ-( ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)

နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုလှမျိုးနောင်ဟာ ဒီကနေ့ မနက် ၈နာရီခွဲမှာ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားတဲ့ သတင်း မအင်ကြင်းက တင်ပြထားပါတယ်။

ကိုလှမျိုးနောင် ဟာ ထင်ရှားတဲ့ ဥပဒေကျောင်းသားခေါင်းဆောင် တစ်ဦးအနေနဲ့ ၁၉၈၈ခုနှစ် ၈လေးလုံး လူထုလှုပ်ရှားမှုမှာ ဦးဆောင် ပါဝင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံရေး ဖြတ်သန်းမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် တစ်ဦးဖြစ်တဲ့ ၈မမျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ်က ဗွီအိုအေကို အခုလိုပြောပါတယ်။

"သူက အဲ့ဒီ့အချိန်တုန်းက ဥပဒေကျောင်းသား တစ်ယောက်၊ ပြီးတော့ ရန်ကုန် တက္ကသိုလ် ကျောင်းသား ဆန္ဒပြမှုမှာ ပထမဦးဆုံး တရားဟောခဲ့တဲ့သူပါ။ အဲ့ဒီ့ကနေပြီးတော့ ကျနော်တို့ အဖမ်းခံခဲ့ရတယ်။ ကျနော်တို့ သီးသန့်တိုက် မှာ နေခဲ့ကြရတယ်။

လွတ်မြောက်လာပြီးတော့ ၈လေးလုံး အရေးအခင်းကို ကျနော်တို့ ဆက်ပြီးတော့ လုပ်တယ်။ အဲ့ဒီ့ စစ်အာဏာ မသိမ်းခင်မှာ တိုင်းရင်းသားဒေသတွေ မှာ ကျောင်းသားတပ်မတော် ဖွဲ့စည်းရေး၊ စတင်ခဲ့တဲ့သူတွေထဲမှာ သူတစ်ယောက် အနေနဲ့ ပါဝင်ခဲ့တယ်။

ABSDF ရဲ့ ဖွဲ့စည်းပုံ မူကြမ်းကို စတင်ပြီးတော့ သူတစ်ယောက်တည်း ရေးဆွဲခဲ့ တာပါ။ အဲ့ဒီ့အချိန်တုန်းက သူ့အသက် ၂၀၊ ၂၁ လောက်ပဲ ရှိဦးမယ်။ သူဟာ တကယ်ကို ထက်မြက်ပြီးတော့ လုပ်ရည်ကိုင်ရည်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။

၁၉၉၀ လွှတ်တော် ခေါ်ယူရေး ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူရေး နဲ့ပတ်သက်တဲ့ သူ့ရဲ့ သဘောထား ကြေညာချက်ကို သူ့နာမည်နဲ့ ထုတ်ခဲ့ပါသေးတယ်။ အဲ့လိုနဲ့သူဟာ ထောင်ထဲမှာ ၁၉၉၆လောက် အထိ နေခဲ့ရပါတယ်။"

စစ်အစိုးရခေတ် ဒီမိုကရေစီရေး တိုက်ပွဲအတွက် ကျောင်းသားခေါင်းဆောင်တစ်ဦး အနေနဲ့ ပါဝင်ခဲ့တာကို ကိုဋ္ဌေးကြွယ် က အခုလို သုံးသပ်ပြောဆိုပါတယ်။

" ၂၀၀၇ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ သူ ဖမ်းဆီး ထိန်းသိမ်းခံ ခဲ့ရတယ်ဗျ။ ဖမ်းဆီးထိန်းသိမ်းစဉ်မှာလည်း သူ စစ်ကြောရေးမှာ ခွဲစိတ်ပြီးခါစ မျက်လုံး နားရမယ့်အချိန်မှာ အနားမပေးပဲနဲ့ စစ်ခဲ့ပြီးတော့ အဲ့ဒီ့မျက်လုံးတစ်လုံး မျက်စိတဖက် ပျက်သွားခဲ့ပါတယ်။ အခုနောက်ပိုင်းဆိုရင် သူ့ရဲ့ နိုင်ငံရေး ယုံကြည်ချက်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ကို Transitional Justice တို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့နဲ့ ဆိုင်တဲ့ စာတမ်းတွေ သင်တန်းတွေ သူပို့ချတယ်။ ဆွေးနွေးတယ်။ ဟောပြောတယ်။ ရေးတယ်ပေါ့နော်။ လုပ်နေတဲ့ အခြေအနေပါ။

ဟို စီးပွားရေးက အရမ်းကို ခက်ခဲသွားပြီးတော့ အင်တာနက်ဖိုး ၊ ဂျာနယ်ဖိုးကအစ သူငယ်ချင်းတွေဆီကနေ စုပြီးတော့ သူ သွားနေရတဲ့အခြေအနေပါ။ ဒီလိုလူမျိုး ကျနော်တို့ နိုင်ငံအတွက် ဒီလိုစွမ်းရည်ရှိတဲ့သူတွေ အများကြီး လိုအပ် ပါတယ်ဗျာ။ နိုင်ငံကိုလည်း ချစ်တဲ့သူတစ်ယောက်ပါ။"

ကိုဋ္ဌေးကြွယ်ပြောသွားတာပါ။ အခုလို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင် ကွယ်လွန်ချိန်မှာတော့ အသက် (၄၆)နှစ်ရှိပြီဖြစ်ပြီး ဇနီးနဲ့သားတစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

XS
SM
MD
LG