သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ပဋိပက္ခဒေသတွေမှာ စာနာမှုအကူအညီ လိုအပ်ချက်တွေတိုး


ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်အနီး Pu Phar ရွာက စစ်ဘေးရှောင်ကလေးတွေ ကျောင်းတက်နေတဲ့မြင်ကွင်း။ (ဇူလိုင် ၃၊ ၂၀၂၁)
ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်အနီး Pu Phar ရွာက စစ်ဘေးရှောင်ကလေးတွေ ကျောင်းတက်နေတဲ့မြင်ကွင်း။ (ဇူလိုင် ၃၊ ၂၀၂၁)

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ နယ်မြေမတည်ငြိမ်တဲ့ အခြေအနေကြောင့် ဒေသခံတွေ ဆက်လက် ပြေးလွှားနေရပြီး လူသားချင်းစာနာမှု ဆိုင်ရာလိုအပ်ချက်တွေလည်း မြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲက ရှမ်း-ကယား(ကရင်နီ)နယ်စပ် ဖယ်ခုံမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံတစ်ရုံပျက်စီးပြီး လူနာတွေလည်း ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အကြောင်းနဲ့ တစ်ချိန်တည်းမှာပဲ ကယားပြည်နယ် စစ်ပြေးဒုက္ခသည်တွေကြား ကျန်းမာရေးပြဿနာနဲ့ လေပြင်းတိုက်ခတ်မှုဒဏ်တွေ ခံစားနေရတဲ့အကြောင်း UNOCHA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ကုလသမဂ္ဂ လူသားချင်းစားနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဒီကနေ့ မေလ ၃ ရက်နေ့ ရက်စွဲနဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံရဲ့ အနောက်မြောက်ဖက်မှာ နေရပ်စွန့်ခွာ ထွက်ပြေးကြရသူဦးရေဟာ ပထမဆုံးအကြိမ် အနေနဲ့ ၁ သန်း ကျော်လွန်သွားခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲမှာ ရှမ်း-ကယားနယ်စပ်က ဖယ်ခုံမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာမို့ ဆေးရုံတစ်ရုံ ပျက်စီးပြီး လူနာတွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း UNOCHA ပြောပါတယ်။

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာလည်း စစ်ပြေးဒုက္ခသည်တွေ နေထိုင်ကြတဲ့ ယာယီ စခန်းတွေမှာ ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွားတာတွေ၊ တချို့နေရာတွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေ အဆောက်အဦးတွေ ပျက်စီးခဲ့တာတွေ ရှိနေပြီး လူသားချင်းစာနာမှု အကူအညီတွေလည်း လိုအပ်နေတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်စပ်တွေမှာ နေ့စဉ်လိုလို လက်နက်ကြီးပစ်ခတ်မှုတွေရှိလို့ ကြောက်လန့်နေရတဲ့အကြောင်း အနီးအနားမှာ နေထိုင်တဲ့ စစ်ရှောင်ဒေသခံတဦးက ပြောပါတယ်။

“နေ့တိုင်းလိုလိုကြားရတယ်ရှင့်၊ နေ့တိုင်းလိုလိုပစ်တယ်ရှင့်။ ဖယ်ခုံကနေ ဒီတောင်စလုံး မြောင်စလုံးတို့၊ တောင်မဲသင်းတို့ဖက် ပစ်တတ်တယ်ရှင့်၊ နေ့တိုင်းပဲရှင့်။ စိုးရိမ်မှုတော့ ရှိတယ်ပေါ့နော်။ လက်နက်ကြီးကျမှာလည်း ကြောက်ကြတယ်။ စစ်ရှောင်တွေကတော့ တော်တော်ကြောက်တယ်။ လေယာဉ်တွေ လာရင်လည်း ကြောက်ကြတယ်ပေါ့နော်။”

အလားတူ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာလည်း လက်နက်ကြီးတွေ မကြာခဏ ကျရောက်ပေါက်ကွဲလို့ အပြင်ထွက်ပြီး မသွားရဲဘူးလို့ ဒီးမော့ဆို အရှေ့ခြမ်းမှာကျန်ရှိနေတဲ့ စစ်ရှောင်တဦးက ဆိုပါတယ်။ ဒါကြောင့် အလုပ်အကိုင်တွေ ကောင်းကောင်းမွန်မွန် မလုပ်ရလို့ စားရေး သောက်ရေးတွေ အတော်လေး ခက်ခဲလာတဲ့အကြောင်း ခုလို ပြောပါတယ်။

“လက်နက်ကြီး ခဏခဏကျနေတယ်ဆိုတော့ ဒီမှာပဲနေတယ်။ အလုပ်လုပ်ဖို့ သိပ်အဆင်မပြေဘူးလေ။ သွားဖို့လည်း သိပ်မရဲဘူးဖြစ်နေတယ်။ အခက်အခဲကျတော့ အမျိုးမျိုး၊ ဘာလို့ဆို တချို့ကျတော့ စားဖို့အတွက် ဆန်က ရှိသေးတယ်၊ တချို့က မရှိတော့ဘူး။ တတ်နိုင်သလောက် အလုပ်က လုပ်ရမှာပဲ။ ဘာလို့ဆို အလုပ် မလုပ်ရရင်လည်း ဘာမှ စားစရာလည်း မရှိဘူးလေ။ မရဲတာတောင်မှ ရဲအောင်လုပ်ရမှာပေါ့။ ဘာလို့လဲဆိုတော့ စားဖို့အတွက်တော့ အဆင်မပြေဘူးလေ။”

ရှမ်း-ကယားဘက်က စစ်ရေးပဋိပက္ခကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရတာ ၃နှစ်ထဲဝင်လာပါပြီ။ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စတာတွေလည်း နစ်နာဆုံးရှုံးနေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆင်ရေးကြောင့် ရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးလိုက်၊ ဒေသတည်ငြိမ်လာရင် နေရပ်ပြန်လာလိုက်နဲ့ အေးချမ်းတည်ငြိမ်မှုတွေနဲ့ အလှမ်းဝေးနေကြတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG