ဒီနှစ် တောင်အာဖရိကနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ် များစွာရဲ့ အနိုင်အရှုံးကို မှန်မှန်ကန်ကန် ဟောကိန်းထုတ်ရင်း လူသိပိုများလာခဲ့တဲ့ ဂျာမဏီနိုင်ငံက ရေဘ၀ဲလေး ပေါလ် (Paul) ဟာ အင်္ဂါနေ့ မနက်ခင်းက ဂျာမဏီနိုင်ငံ အနောက်ပိုင်း အိုဘာဟောက်ဆန်း (Oberhausen) မြို့က ပင်လယ်ရေသတ္တ၀ါ ပြတိုက်ထဲမှာ သေဆုံးသွားခဲ့ပါတယ်။
ပေါလ်ဟာ အသက် ၂ နှစ်ခွဲ အချိန်မှာ ရောဂါ တစုံတရာကြောင့် မဟုတ်ဘဲ သဘာဝအလျောက် သေဆုံးသွားခဲ့တာပါ။
ပေါလ် သေဆုံးသွားခဲ့တဲ့ အိုဘာဟောက်ဆန်း ပြတိုက်ထဲမှာ သူ့အတွက် နေရာတခုထားပြီး မြှုပ်နှံသွားမှာ ဖြစ်သလို အမှတ်တရ ဂူဗိမာန်တခုလည်း ဆောက်လုပ်ပေးမှာ ဖြစ်တယ်လို့ ပြတိုက်မန်နေဂျာ စတီဖန် ပေါ်ဝိုးလ် (Stefan Porwoll) က ပြောပါတယ်။
ပေါလ်ဟာ ၂၀၀၈ ခုနှစ် ဥရောပဖလား ဘောလုံးပွဲ အားလုံးနီးပါးရဲ့ ရလဒ်တွေကို မှန်မှန်ကန်ကန် ကြိုတင်ဟောကိန်း ထုတ်ခဲ့သလို ဒီနှစ် တောင်အာဖရိကနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ အတွင်းမှာလည်း ဂျာမဏီအသင်း ကန်ခဲ့တဲ့ ပွဲစဉ်အားလုံးရဲ့ ရလဒ်တွေကို ကြိုတင်ပြီးတော့ ဟောကိန်းထုတ်နိုင်ခဲ့တာပါ။
ယှဉ်ပြိုင်ကစားကြမယ့် အသင်းနှစ်သင်းရဲ့ အလံတွေကို ပေါလ်အတွက် အစာထည့်ထားတဲ့ ပုံးတခုစီမှာ အမှတ်အသား လုပ်ထားပြီး ဘယ်ပုံးကို ရေဘ၀ဲလေး ပေါလ် ရွေးမလဲ ဆိုတာကို ကြည့်ပြီး ဘယ်အသင်းနိုင်မယ် ဆိုတာကို ကြိုတင် ဟောကိန်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။