သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရသစ်ကို ဂျပန် ODA ချေးငွေယန်း (၁၀၀)ဘီလီယံ ပေးမည်


NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ တွေ့ဆုံစဉ်
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ တွေ့ဆုံစဉ်

ဒေါ်အောင်ဆန်းစုကြည်ပါတီအစိုးရတက်အလာမှာ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ODA (ခေါ်) နိုင်ငံခြားဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ကြီးကြီးမားမားပေးဖို့ ပြင်ဆင်နေပါတယ်။ ဒီအကူအညီတွေထဲမှာ အတိုးအလွန်နဲတဲ့ ချေးငွေနဲ့ ကူညီငွေပေါင်း ဂျပန်းယန်း ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၉၀၀ နီးပါး) ရှိပြီး၊ လမ်းပန်းဆက်သွယ်ရေး အဆောက်အအုံနဲ့ မြို.ပြစီမံကိန်းတွေမှာ အဓိကသုံးစွဲမယ်လို့ ဂျပန်အစိုးရအရာရှိတဦးကပြောပါတယ်။ ဒီအကြောင်း ကိုဝင်းမင်း က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ အနေနဲ့ မကြာခင် အစိုးရတာဝန်ယူလာချိန် မြန်မာနိုင်ငံမှာ ကြီကြီးမား မားပြောင်းလဲ မှုတွေ ဖြစ်လာမယ်လို့ မျှော်လင့်ပြီး၊ ခုလို ဂျပန်ဘက်က အကူအညီ ကြီးကြီးမားမားပေးဖို့ စီစဉ်နေတာလို့ ဂျပန်အရာရှိတစ်ဦးပြောတာကို ကျိုဒို သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အထူးအကြံပေး Hiroto Izumi မြန်မာနိုင်ငံကို ပြီးခဲ့တဲလ ဖေဖော်ဝါရီမှာ သွာလည်တုံး ဒေါ်အောင်ဆန်းစုကြည်က ခုလို အကူအညီပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ဇွန်လမှာ အစီအစဉ်အသေးစိတ်လုပ်ဆောင်နိုင်လိမ်မယ်လို့ ဒီဂျပန်အရာရှိကဆိုပါတယ်။

မြန်မာ့စီးပွားရေးအကြောင်း ထဲထဲဝင်ဝင် သုတေသနလုပ်နေတဲ့ ဂျပန်အစိုးရသုတေသနအရာရှိဟောင်းနဲ့ လက်ရှိ ဂျပန်နိုင်ငံ အမျိုးသား မူဝါဒဆိုင်ရာဘွဲ့လွန်တက္ကသိုလ် ပါမောက္ခ Kudo Toshihiro က အခုလို စီစဉ်နေတာဟာ ဂျပန်ရဲ့ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံမှုကိုပြတာလို့ဆိုပါတယ်။

“ဂျပန်အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ ဂျပန်က အကြောကြီးစောင့်ခဲ့ရတဲ့ ပြည်သူကရွေးချယ်ပြီးတက်လာတဲ့ အစိုးရ၊ အခု အမျိုုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရကို ထောက်ခံတာပြတဲ့အနေနဲ့ ဒီ ODA ပမာဏကို မြှင့်တင်ပေးဖိုပါ။”

ပါမောက္ခ Kudo Toshihiro ကဆက်ပြီး မကြာခင်ကပဲ NLD စီးပွားရေးကော်မတီ ဂျပန်ကိုလာလည်တုံးကလဲခုလိုကူညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာကို အခု ဂျပန်ဖက်က တုံ့ပြန်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့တစ်ခေါက်ကNLD စီးပွားရေးကော်မတီအဖွဲ့ ဂျပန်ကိုလာလာတုံး ဒေါ်အောင်ဆန်းစုကြည်ထံကနေ ဂျပန်အစိုးရကိုပို့လိုက်တဲ့ အမှာစကားကို ပြောပြခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် တစ်ခုခု ကူညီပေးဖို့ပေါ့လေ။ ဂျပန်အစိုးရကလဲ အဲ့ဒိလို ကူညီပေးဖို့ ကြိုးစားတာကို ပြလိုက်တာပါပဲ။”

အခုလို ကူညီတဲ့ ODA မှာ အတိုးမရှိသလောက်နဲတဲ့ ချေးငွေနဲ့ အကူအညီတွေပါပြီး၊ အခု ပမာဏဟာ များတယ်၊ မြန်မာနိုင်ငံမှာ လက်ရှိလုပ်နေဆဲ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေအတွက် အဓိက ဖြစ်တယ်လို့ ပါမောက္ခ Kudo Toshihiro က ဆိုပါတယ်။

“ဒီပမာဏက များပါတယ်၊ တကယ်တန်းက ဂျပန်အစိုးရအနေနဲ့ ဒီ ODA ပေးတဲ့ ပမာဏကို မြှင့်တင်ဖို့လုပ်နေပါတယ်။ အခုပေးမဲ့ ODA အများစုက လက်ရှိလုပ်နေဆဲကိစ္စတွေအတွက် ဆက်လုပ်ဖို့ပေးမှာပါ။သီလဝါကိစ္စ၊ သီလဝါနဲ့ဆက်စပ်တဲ့ လမ်းပန်းဆက်သွယ်ရေး အဆောက်အအုံတွေကိစ္စ၊နောက် ရထားလမ်းတွေ၊ ရန်ကုန်မြို့ပတ်ရထားရော နောက် ရန်ကုန်-မန္တလေးရထားလမ်း၊ပြီးတော့ ဒေသန္တရတိုးတက်မှုအတွက် လိုတဲ့လမ်းတွေနဲ့ လျှပ်စစ်မီး စတဲ့ မြောက်များစွာသော လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေအတွက်ပါ။”

တကယ်တော့ ဦးသိန်းစိန်အစိုးရတက်လာအပြီး တိုးပေးလာခဲ့တဲ ODA ကို ဂျပန်ဖက်က အခုနောက်အစိုးရလက်ထက် ပိုပေးလာဖို့ အခွင့်အလမ်းရှိလာချိန်မှာ မြန်မာအစိုးရ ဘက်မှာလဲ လုပ်ရည်ကိုင်ရည်တွေတိုးတက်အောင်လုပ်ဖို့လိုနေသေးတယ် လို့ ပါမောက္ခ Kudo Toshihiro က ထောက်ပြပါတယ်။

“မြန်မာနိုင်ငံမှာ ပြည်သူအခြေပြုဖွံ့ဖြိုးတိုးတက်ရေးလို့ ကြွေးကြော်ထားတယ်ပေါ့ဗျာ၊ အဲ့ဒါကို အစိုးရအရာရှိတွေက လူထုအတွက် တကယ်လက်တွေ့ အကျိုးရှိအောင် ဘယ်လိုစဉ်းစားလုပ်ဆောင်လဲပေါ့ဗျာ။ ဒါက ပထမအရေးကြီးတာပါ။

နောက်တစ်ခုက လုပ်ငန်းကျွမ်းကျင်မှုပေါ့နော်၊ အဲ့ဒါက မြန်မာနိုင်ငံမှာ အားနည်းလွန်းနေပါတယ်၊ ခုလိုပြောရတာ ကျွန်တော် စိတ်မကောင်ပါဘူး။ အဲ့ဒိအတွက် ဂျပန်အပါအဝင် နိုင်ငံတကာအတွေ့အကြုံတွေကနေ လေ့လာယူဖို့ လိုပါတယ်။”

ပါမောက္ခ Kudo Toshihiro က ဆက်ပြီး ဂျပန်အနေနဲ့ ၁၉၈၈ ဆိုရှယ်လစ်အစိုးရလက်ထက်မှာ အစိုးရစက်မှုလုပ်ငန်းတွေကိုပဲ အကူအညီပေးခဲ့တာ မထိရောက်ခဲ့ဘူး၊ ဦးသိန်စိန်လက်ထက်က စပြီး ဘက်စုံဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ ဒီ လမ်းပန်းဆက်သွယ်ရေးကို ဦးစားပေးလုပ်ခဲ့တာ ထိရောက်မှုတချို့စရှိလာတယ်၊ အခုဆိုရင် မြန်မာနိုင်ငံကို ဂြိုလ်တုကကြည့်ရင် မီးအများကြီး ပိုထိန်လာတယ်၊ သီလဝါလဲ အလုပ်တွနေပြီ၊ ဒီစက်မှုဇုံက ဗီယက်နမ်စက်မှုဇုံထက်ထက်တောင်ကြီးတယ်၊ ဒါကြောင့်နောက်တက်လာမဲ့ အစိုးရလက်ထက်မှာ အခုထက်ပိုတိုးတက်လာဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG