သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ လူ့အခွင့်အရေးပြသနာ သီးခြားစုံစမ်းစစ်ဆေးဖို့ ကုလတောင်းဆို


ဘင်္ဂလားဒေ့ရှ်နယ်စပ် Kutupalang ဒုက္ခသည်စခန်းကို ဝင်ရောက်လာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ (နိုဝင်ဘာလ ၂၁ ရက် ၂၀၁၆ခုနှစ်)
ဘင်္ဂလားဒေ့ရှ်နယ်စပ် Kutupalang ဒုက္ခသည်စခန်းကို ဝင်ရောက်လာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ (နိုဝင်ဘာလ ၂၁ ရက် ၂၀၁၆ခုနှစ်)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေဖက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ယုံကြည်ရတဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဝင်ရောက် စုံစမ်းခွင့်ပြုဖို့ မြန်မာအစိုးရကို OHCHR ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကိုယ်တိုင်လည်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းကို နောက်သတင်းပတ်အတွင်း သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ အခုလို ကုလသမဂ္ဂဘက်က စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို အစိုးရဘက်က အခိုင်အမာလုပ်ဆောင်နေကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ရန်ကုန်မြို့မှာ မနေ့က နိုင်ငံတကာသံတမန်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ချိန်မှာ မွတ်စလင် ရိုဟင်ဂျာ တွေကို ညှမ်းပမ်းနှိပ်စက်မှုတွေ စတာတွေကို ကျူးလွန်ခဲ့ကြောင်း ပြင်းထန်တဲ့ စွပ်စွဲချက်တွေကို ဖေါ်ပြထားတဲ့ OHCHR ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေဘက်ကလည်း သူတို့ကိုယ်ပိုင် စုံစမ်းရေးအဖွဲ့တွေကို ဖွဲ့ပြီး စစ်ဆေးသွားမှာဖြစ်ကြောင်း မကြာသေးခင်ရက်ပိုင်းအတွင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ရာရောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ အစိုးရ အုပ်ချုပ်ရေးယန္တာယား အတွင်းမှာရှိနေတဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကပဲ စုံစမ်းဖေါ်ထုတ်မယ်ဆိုတာကို ကုလသမဂ္ဂလူ့အခွင့်အရေးရုံး အနေနဲ့ ယုံကြည်မှုမရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က အခုလို ဗွီအိုအေကို ပြောပါတယ်။

“ဒီလို အဖွဲ့တွေကို ဖွဲ့စည်းလိုက်ရုံနဲ့လွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုမျိုးလိုနေတယ်ဆိုတဲ့ ကျနော်တို့ရဲ့ အမြင်ကိုတော့ လျော့ကျမသွားစေပါဘူး။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအနေနဲ့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုနေတာက လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အမှုထမ်းတွေ၊ လွတ်လပ်တဲ့ လေ့လာသူတွေကိုရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဝင်ရောက်ခွင့်ပြုရေး စီစဉ်ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။”

ဒါအပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Al- Hussein က ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောတုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ ပြီးပြည့်စုံပြီး ယုံကြည်စိတ်ချရတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလိုအပ်ကြောင်းလည်း ထောက်ပြပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အခုလက်ရှိ အစိုးရရဲ့အမျိုးသားစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဒီအချက်တွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုတာကိုလည်း မဟာမင်းကြီးက တရားဝင် ထုတ်ဖေါ်ပြောဆိုထားကြောင်း Farhan Haq ကပြောပါတယ်။

လက်ရှိ OHCHR အနေနဲ့ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် ဆက်ပြီးဆောင်ရွက်နေတဲ့အခြေအနေကိုတော့သူက အခုလိုပြောပါတယ်။

“စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှု ဆိုတဲ့ ဒီစွပ်စွဲချက်တွေကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုကတဆင့် ဆက်လက်ဆောင်ရွက်သွားဖို့ အရေးတကြီးလိုအပ်နေတဲ့အပေါ်မှာ ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာ ရုံးအနေနဲ့ မြန်မာအစိုးရနဲ့ရော နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ပါ ညှိုနှိုင်းဆောင်ရွက်နေပါတယ်။”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ (၉)ရက်နောက်ပိုင်း မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာများနဲ့ တွေ့ဆုံမေးမြန်းမှုများဆိုတဲ့ ခေါင်းစဉ်နဲ့ဖေဖေါ်ဝါရီလ (၃)ရက်နေ့ ရက်စွဲနဲ့OHCHR က အစီရင်ခံစာထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကိုယ်တိုင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို နောက်သတင်းပတ်အတွင်း သွားရောက်လေ့လာမှာဖြစ်ပါတယ်။ ခရီးစဉ်နဲ့ပတ်သက်လို့ အသေးစိတ်ထုတ်ပြန်နိုင်ခြင်းမရှိပေမဲ့ မတ်လ (၁၃)ရက်နေ့မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံမှာ တင်သွင်းမယ့် သူရဲ့အစီရင်ခံစာမှာ ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို ထည့်သွင်းဖေါ်ပြမှာဖြစ်တယ်လို့ OHCHR ရုံးရဲ့ ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေကို အီးမေးလ်ကနေ တုန့်ပြန်ရေးသားထားပါတယ်။

ဒီအတောအတွင်း သမ္မတ ဦးထင်ကျော်ခန့်အပ်ထားတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ရန်ကုန်မြို့မှာ မနေ့က နိုင်ငံတကာသံတမန်တွေနဲ့ တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ကိစ္စနဲ့ပတ်သက်လို့ အစိုးရဘက်က အသေအချာ ကိုင်တွယ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။ လုံခြုံရေးတပ်တွေဘက်က ညှဉ်းပမ်းနှိပ်စက်မှုတွေရှိခဲ့ကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေရှိမယ်ဆိုရင် အစိုးရဘက်က အရေးယူအပြစ်ပေးဖို့ အသင့်ဖြစ်နေတယ်ဆိုတာကိုလည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကို တုန့်ပြန်ပြောဆိုထားပြီဖြစ်တယ်လို့ သူကပြောပါတယ်။

ဒါအပြင် အခြေအနေတွေဟာ အခုဆိုရင် တည်ငြိမ်နေပြီးဖြစ်ကြောင်းနဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားပြီးဖြစ်ကြေင်း၊ ညမထွက်ရအမိန့်ကို လျော့ချထားပြီးဖြစ်သလို ရဲတပ်ဖွဲ့ဝင်တွေကိုပဲ နယ်မြေငြိမ်းချမ်းရေးအတွက် ဆက်ပြီးထားရှိကြောင်း ဦးသောင်းထွန်းက သံတမန်တွေကိုပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG