သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးဦးအုန်းမြင့် ရိုင်းပျမှု ရန်ကုန်မှာ ဆန္ဒပြ


ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ သစ်ရာကောက်ကျေးရွာသားတွေအပေါ် စကားအသုံးကြမ်းတမ်းခဲ့မှုကို မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြကန့်ကွတ်နေသူများ။ ဖေဖော်ဝါရီ ၃၊ ၂၀၁၄။ (ဓာတ်ပုံအား ကိုအောင်သူရရဲ့ FB မှ ကူးယူဖော်ပြပါသည်။)
ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အနီး သစ်ရာကောက်ကျေးရွာက ရွာသားတွေနဲ့ တွေ့ဆုံစဉ် ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေအပေါ်မှာ စကားလုံးကြမ်းကြမ်း သုံးပြီး ပြောဆိုသုံးနှုန်းခဲ့တာနဲ့ပတ်သက်ပြီး မကျေနပ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုက ဒီကနေ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ ဦးဆောင်သူနှစ်ဦးကို ခွင့်ပြုမိန့်မရဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ (၁၈)နဲ့ တရားစွဲဆိုဖို့ အာဏာပိုင်တွေက ပြင်ဆင်နေချိန်မှာပဲ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိုလည်း တန်ပြန် တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်သူတွေက ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဖေဖော်ဝါရီလ (၃) ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့နဲ့ မဟာဗန္ဓုလပန်းခြံလမ်းမှာ ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီးအတွင်းက သစ်ရာကောက်ကျေးရွာကို ကျေးလက်ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းချိန်မှာ ပြည်သူတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တဲ့ စကားလုံးအသုံးအနှုန်းတွေအပေါ် မကျေနပ်ကြတဲ့အတွက် ပြည်သူတွေ၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ဒီမိုကရေစီ အင်အားစုအဖွဲ့က “ပါးရိုက်ခံဖို့ အသင့်ပါပဲ။” ဆိုတဲ့ စာတမ်းဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး မြို့တော်ခမ်းမရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒီဆန္ဒပြပွဲ ဦးဆောင်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘမြင့်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဝန်ကြီးဦးအုန်းမြင့်က နယ်တကာလှည့်ပြီး ပါးရိုက်(ရဲ)တယ်ဆိုတဲ့ စကားလုံးလည်းတွေ့တယ်။ ငါတို့အစိုးရလက်ထက်မှာ ငါတို့အစိုးရကို ဝေဖန်ရင် ထောင်ချပစ်မယ်တို့၊ ဘာတို့ - ဒါမျိုးတွေကြိမ်းတော့ ကျနော်တို့ ပါးရိုက်ခံကြမယ်။ ရည်ရွယ်ချက်ကတော့ ဒီဝန်ကြီးတွေ ဒီလို မိုက်မိုက်ရိုင်းရိုင်းနဲ့ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ပြောတဲ့စကားလုံးတွေ၊ ဆဲရေးတိုင်းထွာတဲ့စကားလုံးမျိုးတွေ၊ အဆင့်အတန်းမရှိတဲ့ စကားလုံးတွေ သုံးနေတာကို ကျနော်တို့ မကျေနပ်လို့ သွားပြီးတော့ ဆန္ဒပြကြတာပေါ့နော်။”

နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဒီမိုကရေစီ အင်အားစုအပါအဝင် လူငယ်မျိုးဆက်အဖွဲ့တွေပါဝင်တဲ့ ဆန္ဒပြသူသုံးဆယ်ကျော်လောက်က ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်အနေနဲ့ ဒီ့ထက်ပိုယဉ်ကျေးအောင် သင်ယူသင့်ပြီးတော့ အခုလိုမျိုး ပြောဆိုခဲ့တဲ့အတွက်လည်း အခုလက်ရှိ ဝန်ကြီးရာထူးကနေ နုတ်ထွက်ပေးသင့်တယ်လို့လည်း ဦးဆောင်သူ ဦးဘမြင့်က ပြောပါတယ်။

“ကျနော်တို့က ဦးအုန်းမြင့်ကို ယဉ်ကျေးစေချင်တယ်။ ဒီလိုနေရာမျိုးက ပြည်သူ့ခေါင်းဆောင်တွေ နေရမယ့်နေရာမျိုး၊ အစိုးရနဲ့ဝန်ကြီးအဖွဲ့ ဆိုတာ အစိုးရအဖွဲ့ပေါ့နော်။ သမ္မတနဲ့ဝန်ကြီးများအဖွဲ့ဆိုတာဟာ ပြည်သူတရပ်လုံးရဲ့အကျိုးကို ဆောင်ရွက်ရမယ့်နေရာမျိုးမှာ ပြည်သူကို ဆန့်ကျင်တဲ့ စကားလုံးတွေ ပြောလာတဲ့အတွက် အဲဒီလိုနေရာမျိုးနဲ့ လုံးဝ မတန်ဘူးလို့ပဲ ကျနော်တို့က ပြောချင်ပါတယ်။”

ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ကို မကျေနပ်ကြောင်း မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ပွဲမှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းထံက တရားဝင် ခွင့်ပြုချက် မတောင်းခံခဲ့လို့ဆိုပြီး ဦးဆောင်သူနိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘမြင့်နဲ့ ဒီမိုကရေစီအင်အားစုက ဦးသန်းဆွေတို့ နှစ်ဦးကို ရဲလုံခြုံရေးတွေဘက်က ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေချိန်မှာပဲ ဒီမိုကရေစီအင်အားစုဘက်ကလည်း ဝန်ကြီးအနေနဲ့ ပြည်သူကို အခုလို ရိုင်းပျစွာဆက်ဆံခဲ့တာနဲ့ပတ်သက်ပြီး တန်ပြန် တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ဒီမိုကရေစီအင်အားစုက ဦးဆောင်သူ ဦးသန်းဆွေကလည်း ပြောပါတယ်။

“အဲဒီ နယ်လှည့်ပါးရိုက်မယ်ဆိုတဲ့ ပြည်ထောင်စုဝန်ကြီး (ဦး) အုန်းမြင့်အား ပါးရိုက်ခံရန် ပြည်သူများနဲ့အတူ နိုင်ငံရေးအင်အားစုမှ စောင့်မျှော်နေပါသည်- နိုင်/ကျဉ်းတစု၊ နောက် ဒီမိုကရေစီအင်အားစုက တစု၊ နှစ်စုပေါ့နော်။ ကိုယ့်ပါးနဲ့ကိုယ် အရိုက်ခံဖို့ စောင့်တာတောင်မှ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်လည်း တောင်းခံစရာမလိုဘူး။ ကိုယ့်ပါးနဲ့ကိုယ် အရိုက်ခံဖို့အတွက် ဘယ်သူ့ဆီမှလည်း အမိန့်တောင်းစရာလည်း မလိုဘူး။ ကျနော်တို့ကတော့ အရိုက်ခံရမယ့် အနေအထားနဲ့ပဲ စောင့်နေပါတယ်။ ဒါကို သူတို့က ကျနော်တို့ကို ပုဒ်မ (၁၈) နဲ့ တရားစွဲတယ် ဆိုရင် - လက်ရှိဝန်ကြီးကို ဥပဒေပုဒ်မ (၂၉၄) မှာပါ- ညစ်ညမ်းစွာဆဲဆိုခြင်းနဲ့ အရေးယူလို့လည်း ရပါတယ်။ နောက် ပြည်သူလူထုကို ခြိမ်းခြောက်တဲ့အတွက် ဥပဒေပုဒ်မ (၅၀၆) နဲ့လည်း တရားစွဲလို့ရပါတယ်။ အဲဒါဆိုရင် ကျနော်တို့ကို တရားစွဲတဲ့ ပုဒ်မ (၁၈) နဲ့ တရားစွဲတယ်ဆိုရင် သူ့ကိုလည်း ပြည်ထောင်စုဝန်ကြီးကိုလည်း ဒီပုဒ်မနှစ်ခုနဲ့ ကျနော်တို့က ဦးတိုက်တရားစွဲပါမယ်ခင်ဗျ။”

အခုဆိုရင် ဆန္ဒပြတဲ့သူတွေကို ရဲလုံခြုံရေးတွေက ဝန်းရံထားပြီး ပန်းဘဲတန်း ရဲစခန်းနဲ့ ကျောက်တံတားရဲစခန်းတာဝန်ရှိသူတွေက ဦးဆောင်ဆန္ဒပြသူ နှစ်ဦးကို စောင့်စားခေါ်ယူနေတယ်လို့ ဦးသန်းဆွေက နောက်ဆုံးအခြေအနေကို ပြောပြပါတယ်။

အခုလိုပြည်ထောင်စုဝန်ကြီးက ဒေသခံရွာသားတွေအပေါ် ကြမ်းတမ်းတဲ့ စကားလုံးနဲ့ သုံးနှုန်းပြောဆိုချက်တွေအပေါ် ထင်ရှားတဲ့ နိုင်ငံရေး လှုပ်ရှား သူတွေဘက်ကလည်း ကန့်ကွက်ရှုတ်ချခဲ့ကြပြီး လက်ရှိအရပ်သား အစိုးရ လက်ထက် အဆင့်မြင့်အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားတဲ့ ဝန်ကြီးအနေနဲ့ နိုင်ငံရေးလောကနဲ့ သတင်းမီဒီယာအပါအဝင် ပြည်သူလူထုအပေါ်ထားတဲ့ သဘောထားနဲ့ ပတ်သက်ပြီးလည်း နိုင်ငံရေးအသိုင်းအဝိုင်းကလည်း မေးခွန်း ထုတ်လာကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG