သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အုန်းဖြန်စခန်းမီး ဒုက္ခသည် ၄,၄၀၀ ကျော် အိုးအိမ်မဲ့


အုန်းဖြန်စခန်းမီး ဒုက္ခသည် ၄,၄၀၀ ကျော် အိုးအိမ်မဲ့

ထိုင်း-မြန်မာနယ်စပ် တက်ခ် ခရိုင်ထဲက အုန်းဖြန် ဒုက္ခသည်စခန်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် လူဦးရေ ၄,၄၀၀ ကျော် အိုးအိမ်မဲ့ ဘ၀ကို ရောက်သွားကြရပါတယ်။ ဒီအကြောင်း စခန်း တာဝန်ရှိသူတွေကို မေးမြန်းပြီး ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

ထိုင်း-မြန်မာ နယ်စပ်က လူဦးရေ ၂၆,၀၀၀ ကျော်ရှိတဲ့ အုန်းဖြန် ဒုက္ခသည်စခန်းမှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၅၀၀ ကျော် မီးလောင်ခဲ့ပြီး လူဦးရေ ၄,၄၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ စခန်းကော်မတီ ဥက္ကဋ္ဌ စောဝါးတီးက ပြောပါတယ်။

“အားလုံးပေါင်းက ၅၆၆ လုံး၊ လူဦးရေ ၄,၄၁၀။ ဒဏ်ရာရတာကတော့ အယောက် ၂၀ လောက် ရှိတယ်နော်။ ဒဏ်ရာ ရတာကတော့ ကလေးလည်း ပါတယ်၊ လူကြီးလည်း ပါတယ်၊ လူလတ်လည်း ပါတယ်။ တချို့ကလည်း ပြေးလွှားရင်းနဲ့ မီးဟပ်တာလည်း ရှိတယ်။ ကျနော်တို့ကတော့ စီစဉ်နေတာပဲ။ အခက်အခဲကတော့ အများကြီး ရင်ဆိုင်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အသက်လွတ်ပြီးတော့ ရုန်းရတာကိုး။ အစစအရာရာ လိုအပ်တာပေါ့။”

အခုဆိုရင် နေထိုင်စရာတွေ ခက်ခဲနေတဲ့အတွက် နီးစပ်ရာ စာသင်ကျောင်း၊ ဗလီ စတဲ့ နေရာတွေမှာ မီးဘေးသင့် ဒုက္ခသည်တွေ ခိုလုံနေကြရတယ်လို့ ဆိုပါတယ်။

“တချို့ကတော့ ဗလီမှာ နေတယ်။ တချို့ကတော့ ရုံးတွေမှာ လိုက်နေတယ်၊ ကျောင်းတွေမှာ လိုက်နေတယ်၊ ဂိုထောင်တွေမှာ လိုက်နေတယ်။ နောက် အသိမိတ်ဆွေ အိမ်တွေမှာ လိုက်နေကြတယ်။”

အုန်းဖြန် ဒုက္ခသည်းစခန်းဟာ နှစ်စဉ်နှစ်တိုင်း မကြာခဏ ဆိုသလို မီးလောင်မှုတွေ ဖြစ်တာကြောင့် မီးသတ်ကားတွေ အဆင်သင့် ထားပေးဖို့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း စခန်းကော်မတီ ဥက္ကဋ္ဌက ဆိုပါတယ်။

“ကျနော်တို့နေတဲ့ နေရာဒေသက မီးတွေဘာတွေ လောင်လွယ်တာပေါ့။ ဒီနှစ် လောင်သလိုပဲ နှစ်စဉ်နှစ်တိုင်းလိုလို အနည်းဆုံးတော့ ကိုးကြိမ်ဆယ်ကြိမ်လောက် လောင်တာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ လေကလည်း တိုက်တယ်။ လေကလည်း ကြမ်းတယ်ဆိုတော့။ ကျနော် ပြောချင်တာကတော့ ကျနော်တို့ မီးတွေဘာတွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာခဲ့သော် ဒီနေရာမှာဆက်နေနိုင်ဖို့ မီးအန္တရာယ်က ကာကွယ်နိုင်ဖို့ မီးသတ်ကားလေး ဘာလေး စုပေါင်းပြီးတော့ လုပ်ပေးနိုင်မယ်ဆိုရင် ကောင်းမလားပေါ့နော်။ အဲဒါက တစ်ချက်ပေါ့နော်။ ပြောလို့မရဘူးလေ ဒီနေရာတွေကလည်း စိုးရိမ်ရတယ်လေ။ နောက်တစ်ခုကတော့ ဘယ်လိုပြောမလဲ ကျနော်တို့ ဒီနေ့ ဒုက္ခကနေ နောက်ထပ် ဒုက္ခထပ်ဖြစ်တဲ့အခါမှာ လူမှုရေး စာနာထောက်ထားပြီးတော့ ကျန်းမာရေး အရသော်လည်းကောင်း၊ ပညာရေးအရ သော်လည်းကောင်းပေါ့။ အထူးသဖြင့် ကျန်းမာရေးနဲ့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ မြင့်တင်ပေးဖို့ပေါ့နော်။”

လက်ရှိမှာတော့ စခန်းတွင်းက မီးဘေး သင့်သူတွေအတွက် ကုလသမဂ္ဂ မဟာမင်းကြီးရုံးက တာဝန်ရှိသူတွေ၊ မဲဆောက်က အာဏာပိုင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့တွေ၊ ဘာသာရေးအဖွဲ့တွေက အကူအညီတွေ ပေးနေတယ်လို့လည်း ပြောပါတယ်။ အုန်းဖြန် ဒုက္ခသည် စခန်းတွင်းမှာ လက်ရှိ စာရင်းဝင်ပြီးသား လူဦးရေ ၁၇,၀၀၀ ကျော်ရှိပြီး စာရင်းမ၀င်သူတွေနဲ့ ပေါင်းရင် လူဦးရေ ၂၆,၀၀၀ ကျော် ရှိပါတယ်။

XS
SM
MD
LG