သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OIC ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံခရီးစဉ်စတင်


မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့တဲ့ OIC အဖွဲ့ကို မြင်တွေ့ရစဉ်။ (၁၃ နိုဝင်ဘာ ၂၀၁၃)
မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့တဲ့ OIC အဖွဲ့ကို မြင်တွေ့ရစဉ်။ (၁၃ နိုဝင်ဘာ ၂၀၁၃)
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်လာပြီး အခုဆိုရင် ရန်ကုန်ကတဆင့် နေပြည်တော်ကို ရောက်သွားပြီ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း သမ္မတနဲ့ တွေ့ဆုံဖို့ မရှိဘူးလို့ သမ္မတပြောခွင့်ရက ပြောသလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ မရှိဘူးလို့ NLD ဘက်ကလည်း ပြောပါတယ်။ မြန်မာပြည်ကို ရောက်လာပြီဖြစ်တဲ့ OIC ခရီးစဉ်အတွင်း ဘယ်သူတွေနဲ့ တွေ့ဆုံဖို့ရှိပါသလဲ ဆိုတဲ့သတင်း အသေးစိတ်ကိုတော့ မဆုမွန်က တင်ပြထားပါတယ်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီး ၇ ဦး ပါဝင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဆိုက်ရောက်လာခဲ့ပြီး၊ ရန်ကုန်မြို့ကနေတဆင့် နေပြည်တော်ကို ရောက်ရှိနေ ပြီ ဖြစ်တယ်လို့ ဒုတိယပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ဗွီအိုအေမြန်မာပိုင်း ကို ပြောဆိုပါတယ်။

OICအဖွဲ့ရဲ့ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ မရှိဘူးလို့ အတည်ပြုပြောဆိုပြီး အစိုးရပိုင်းနဲ့ လွှတ်တော်ပိုင်း တာဝန်ရှိသူတွေနဲ့တော့ တွေ့ဆုံဖို့ ရှိတယ်လို့ သမ္မတပြောခွင့်ရလည်းဖြစ်တဲ့ ဒုပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

“ဒီကနေ့ ရန်ကုန်ကတဆင့် နေပြည်တော်ကို ရောက်ပါတယ်။ ကျနော်သိသလောက် ဒီကနေ့ ဘယ်သူနဲ့မှ သူတို့ တွေ့တာ ဆုံတာ မရှိသေးပါဘူး။ သူတို့ တည်းခိုနေတဲ့ ဟိုတယ်မှာပဲ ရှိနေတယ်လို့ ကျနော်တို့ အကြမ်းမျဉ်း သိထားပါတယ်။ သမ္မတကြီးက သူတို့နဲ့ တွေ့ဆုံဖို့ မရှိပါဘူး။ လက်ခံတွေ့ဆုံဖို့ အစီအစဉ်မရှိပါဘူး။ ရခိုင်ပြည်နယ် ပဋိပက္ခ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို လုပ်နေတဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ နောက်ပြီးရင် ကျနော်တို့ ဥပဒေပြု လွှတ်တော်တွေပေါ့နော် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ နောက်တခါ ရခိုင်ကို သွားဖို့ စီစဉ်နေပါတယ်။ ရခိုင်ရောက်လို့ရှိရင်တော့ ကျနော်တို့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်များရော၊ အဲ့ဒီမှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင် ရပ်မိရပ်ဖတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။”

နေပြည်တော်မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးရင် ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ရှိပေမဲ့ သွားရောက်မယ့်ရက်ကိုတော့ အတိအကျ မသတ်မှတ်ရသေးဘူးလို့လည်း ဦးရဲထွဋ်က ဆက်ပြောပါတယ်။ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့ကို အကြောင်းကြားထားတာ မရှိသေးဘူးလို့လည်း ရခိုင်ဒုက္ခသည်တွေ လူမူစီးပွား ဘဝပြန်လည်ထူထောင်နိုင်ရေး စီစဉ်ဆောာင်ရွက်နေသူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ဦးအောင်သန်းတင် က ပြောပါတယ်။

“ဒီအစိုးရအဖွဲ့ကိုတော့ အကြောင်းကြားထားတာ မရှိသေးဘူးလေ။ လာဖို့ အစီအစဉ်ကိုတော့ မပြောသေးဘူး။ ပြင်ဆင်ထားတာတော့ ဘာမှ မရှိသေးဘူးလေ။ အခုထိ ဘာမှ မလုပ်ရသေးဘူးပေါ့။ သူတို့ လာမယ်ဆိုတာကို လည်း မသိရသေးဘူးလေ။ ကြိုပြီးသိရရင်တော့ ပြင်ဆင်စရာရှိတာ ကြိုပြီး ပြင်ဆင်လို့ရတာပေါ့။ သူတို့က ဘယ်လို လာမယ့်ကိစ္စကိုလည်း ကျနော်တို့ မသိရသေးဘူးလေ။ သူတို့က လေ့လာတဲ့သဘောလား။ ကူညီပေးမယ့်ကိစ္စလား ဆိုတာလည်း ဘာမှ မသိရသေးဘူး။”

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC မြန်မာနိုင်ငံကိုရောက်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ လိုက်ပါလာတဲ့ OIC ဂျာနယ်ရဲ့ အယ်ဒီတာ မစ္စ မာဟာ အာကီးလ် က ပြောပါတယ်။ ဒါပေမဲ့ ဒီသတင်းဟာ မဟုတ်မှန်တဲ့အကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ဗွီအိုအေကို စာနဲ့ လက်မှတ်ရေးထိုး အကြောင်းကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောခွင့်ရ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် OIC ခရီးစဉ်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာကတော့ -

“ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပတ်သက်ခြင်းလည်း မရှိပါဘူး။ ကျနော်တို့တွေ သိရှိခြင်းလည်း မရှိပါဘူး။ အဲ့လိုမျိုးပါပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အစီအစဉ်ဆိုတာလည်း အခုအချိန်ထိ လုံး၀ မရှိပါဘူးခင်ဗျ။ သူတို့တွေက စတင် လာရောက်ကတည်းကိုက အစိုးရနဲ့ ချိတ်ဆက်ပြီးတော့ပဲ လာရောက်တာပါ။ ကျနော်တို့တွေကို တွေ့ဆုံဖို့တွေတို့၊ ဆွေးနွေးဖို့တွေတို့ ဒါမျိုး ကမ်းလှမ်းထားခြင်းကိုက ဘာမှ မရှိတာပါ။ လွှတ်တော်အနေနဲ့လည်း ကျနော်တို့ကို ဖိတ်ကြားထားတာမျိုး၊ လွှတ်တော်က ကိုယ်စားပြုပြီးတော့ ဖိတ်ကြားထားတာမျိုးကအစ ကျနော်တို့မှာ မရှိတာပါ။”

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ပြည်သူအချို့ မကျေမနပ် ဆန္ဒပြကြခဲ့ပြီးတော့ မြန်မာနိုင်ငံမှာ OIC ရုံးခွဲ ဖွင့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က အစိုးရရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“ဒီခရီးစဉ်က တချို့တွေ သတင်းဖြန့်သလို OIC အဖွဲ့အနေနဲ့ ကျနော်တို့နိုင်ငံမှာ ရုံးခန်းဖွင့်မယ်ဆိုတဲ့ကိစ္စတွေ၊ နောက်တခါ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီ တိုင်းရင်းသားတွေကို ရိုဟင်ဂျာနာမည်နဲ့ တိုင်းရင်းသား လူမျိုးအဖြစ် သတ်မှတ်ပေးဖို့ ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဘာမှ မဆိုင်ပါဘူး။ တည်ငြိမ်အေးချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ အခြေအနေကို သူတို့ဟာသူတို့ မျက်မြင်ကိုယ်တွေ့ လေ့လာပြီးတော့ အခြေအနေမှန်တွေ သိအောင်လို့ ကျနော်တို့ စီစဉ်ပေးတဲ့ကိစ္စပဲ ဖြစ်ပါတယ်။”

OIC ဂျာနယ်ရဲ့ အယ်ဒီတာ မစ္စ မာဟာ အာကီးလ်က ဗွီအိုအေကို အီးမေးလ်ကနေတဆင့် နောက်ဆုံး ပြောကြားခဲ့တာမှာတော့ ကိုယ်စားလှယ်အဖွဲ့ရဲ့ အစီအစဉ်တွေ ကြာသပတေးနေ့မှာ စတင်မှာဖြစ်တဲ့အကြောင်း၊ အစိုးရတာဝန်ရှိသူတွေ၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံဖို့ အစီအစဉ်တွေ ဘယ်လိုဖြစ်လာမယ်ဆိုတာ စောင့်ကြည့်နေကြောင်း၊ ရခိုင်ပြည်နယ်ခရီးစဉ်ကို သောကြာနေ့မှာ စတင်ဖို့ စီစဉ်ထားကြောင်း ပါရှိပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက အသိုင်းအဝိုင်းမတူသူတွေကြား လူမျိုးရေး ဘာသာရေးအသွင်ဆောင် အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးတော့ လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ပြီး သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။

ဒါကြောင့် OIC အဖွဲ့ရဲ့ မြန်မာပြည်လာရောက်ရတဲ့ အဓိက အကြောင်းအရာတွေထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ အနေအထား၊ သူတို့ရဲ့ လူသားဆိုင်ရာ လိုအပ်ချက်တွေ၊ အခြေစိုက် ရွှေ့ပြောင်းရေးအစီအစဉ်၊ အခြေခံ လူ့အခွင့်အရေးနဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့်အရေးတွေ ပါဝင်မယ်လို့ နိုဝင်ဘာလ ၆ ရက်နေ့ နေ့စွဲနဲ့ OIC အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG