သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OIC ကုလမှာ ရိုဟင်ဂျာအရေး အထူးစည်းဝေးခေါ်


မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူနည်းစု ဆိုင်ရာ OIC အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပ အထူးအစည်းအဝေးပွဲ တရပ်ကို စက်တင်ဘာ ၁၉ ရက်နေ့က ခေါ်ယူခဲ့ရာမှာ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ ဖိလစ်ပိုင်အပါအဝင် အခြားနိုင်ငံတွေအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီ အစည်းအဝေးကို OIC အတွင်းရေးမှူး Yousef Al. Othomeen က ကမကထပြု ကျင်းပခဲ့တာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့၊ ဒုက္ခသည်တွေကို ဘေးကင်းစွာနဲ့ ဌာနပြန်ခွင့်ပေးဖို့နဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို အကောင်အထည်ဖေါ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါအပြင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အတွင်း ဒုက္ခသည်တွေ အစုလိုက် အပြုံလိုက် ထွက်ပြေးကြတဲ့ အပေါ် စိုးရိမ်မကင်းဖြစ်မှုနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ရိုဟင်ဂျာတွေရဲ့ အခြေအနေ စိုးရွားနေမှုကို အခြေခံပြီး မြန်မာနိုင်ငံနဲ့ စီးပွားရေးဖြတ်တောက်ဖို့ OIC အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပြီး အခြားနိုင်ငံတွေ အနေနဲ့လည်း မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး အထူးခံစားခွင့်တွေကို ဆိုင်းငံဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါအပြင် လုံခြုံရေးကောင်စီအနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ချက်ချင်း အရေးယူဆောင်ရွက်ဖို့နဲ့ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ အဆိုပြုချက် တရပ်အနေနဲ့ တင်သွင်းဖို့ သဘောတူညီခဲ့ကြပါတယ်။

OIC အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တဖွဲ့လည်း မြန်မာနိုင်ငံကို သွားရောက်ခွင့်ရဖို့နဲ့ နှစ်ဖက်အကျိူးတူ ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ အပြင် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ ပူးပေါင်းဆောင်ရွက် ဖို့လည်း OIC ရဲ့ အဆိုပြုချက်မှာ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG