ကမ္ဘာ့လောင်စာဆီဈေး ၂ နှစ်ကျော်အတွင်း အမြင့်ဆုံးတက်သွားလို့ သင်္ဘောပိုင်ရှင်တွေ၊ ကားသမားတွေနဲ့ လေကြောင်းလိုင်းတွေမှာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။
လူထုအုံကြွမှုတွေကြောင့် လစ်ဗျားရဲ့ပြည်ပကို လောင်စာဆီတင်ပို့မှုတွေ ပြတ်တောက်သွားခဲ့သလိုမျိုး မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာလည်း အလားတူအုံကြွမှုတွေကြောင့် အဲဒီဒေသက လောင်စာဆီ ထုတ်လုပ်သူတွေဆီက လောင်စာဆီ တင်ပို့မှုတွေ ရပ်ကုန်မှာကို လောင်စာဆီကုန်သည်တွေက စိုးရိမ်နေကြတာပါ။
မနေ့က သောကြာနေ့မှာ အမေရိကန်စီးပွားရေး ပြန်တက်လာတဲ့သတင်းတွေကြောင့် နောက်ထပ် လောင်စာဆီ ဝယ်လိုအားမြင့်တက်သွားပြီး လောင်စာဆီဈေး ထပ်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း စိတ်ပူစရာတွေဖြစ်နေရပြီး အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ လောင်စာဆီ တပေပါကို ၂ ဒေါ်လာ ထပ်တက်လာ နိုင်ပါတယ်။ `
လောင်စာဆီကို ကုမ္ပဏီရဲ့ အသုံးစရိတ် ၄၀ ရာခိုင်နှုန်းအထက် သုံးနေရတဲ့ လေကြောင်းလိုင်းတွေအတွက် အခက်တွေ့စေနိုင်ကြောင်း Standard & Poor’s အက်စ် အဲန် ပီ လို့ခေါ်တဲ့အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လစ်ဗျားက အကြမ်းဖက်မှုတွေအပေါ် လောင်စာဆီသုံးစွဲသူတွေ စိုးရိမ်ကြောင့်ကျသလို ရေကြောင်းလိုင်း အာမခံ ကုမ္ပဏီတွေအနေနဲ့ လစ်ဗျားနိုင်ငံကိုသွားတဲ့လမ်းကြောင်းကို အန္တရာယ်ကြီးတဲ့ခရီးအဖြစ် စာရင်းသွင်းလိုက်တဲ့အတွက် လစ်ဗျားမှာ လောင်စာကုန်ကြမ်း သွားသယ်ရတဲ့ ကုန်သည်တွေအတွက်လည်း ဥရောပနဲ့ တခြားဈေးကွက်တွေကိုတင်ပို့ဖို့ အခက်အခဲတွေရှိနေပါတယ်။