သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MH ၃၇၀ မလေးရှားလေယာဉ် ဗီယက်နမ်တောင်ဘက်စွန်းနား ပျက်ကျဖွယ်ရှိ


မလေးရှားလေကြောင်းလိုင်း အမှုဆောင်ညွှန်ကြားရေးမှူးချုပ် Ahmad Jauhari Yahyain လေယာဉ်ပျောက်ဆုံးမှု သတင်းစာရှင်းလင်းပွဲ။ (မတ်လ ၈၊ ၂၀၁၄)
မလေးရှားလေကြောင်းလိုင်း အမှုဆောင်ညွှန်ကြားရေးမှူးချုပ် Ahmad Jauhari Yahyain လေယာဉ်ပျောက်ဆုံးမှု သတင်းစာရှင်းလင်းပွဲ။ (မတ်လ ၈၊ ၂၀၁၄)
မလေးရှားလေကြောင်းလိုင်းရဲ့ လေယာဉ်ပျောက်သွားတဲ့နေရာနားမှာ ရေနံလောင်စာဆီကွက်ကြီး ၂ ခုကို ဗီယက်နမ်ရှာဖွေ ကယ်ဆယ်ရေး လေယာဉ်တွေက တွေ့ရှိခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့တောင်ဘက်စွန်းနားမှာတွေ့ရတဲ့ လောင်စာဆီကွက်ကြီး ၂ ခုရှိတဲ့နားကို ကယ်ဆယ်ရေးသင်္ဘောတွေကို စေလွှတ်ထားတယ်လို့ ဗီယက်နမ်အစိုးရက ပြောပါတယ်။

၆ မိုင်ကနေပြီး ၉ မိုင်လောက် ရှိတယ်ဆိုတဲ့ ဆီကွက်ကြီးတွေကို တွေ့ရှိမှုဟာ မလေးရှားကနေ တရုတ်နိုင်ငံဆီ ပျံသန်းသွားစဉ် ပျောက်သွားတဲ့လေယာဉ်အတွက် နောက်ဆုံးရတဲ့သဲလွန်စကြီးဖြစ်ပါတယ်။

ကွာလာလာမ်ပူမြို့တော်ကနေ ဘေဂျင်းမြို့ဆီကို ပျံသန်းသွားတဲ့လေယာဉ်ပေါ်မှာ ခရီးသည်နဲ့လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ယောက် ပါသွားပါတယ်။

လေယာဉ်ပျံတဲ့နောက်ဆုံးအဆက်အသွယ်ရတဲ့နေရာလို့ ဗီယက်နမ်တာဝန်ရှိသူတွေ ပြောတဲ့ ဗီယက်နမ်နိုင်ငံ၊ အနောက်တောင်ပိုင်း သောင်ချူးကျွန်း ( Tho Chu) ရဲ့ အနောက်တောင်ပိုင်း ကမ်းလွန် မိုင် ၁၅၀ လောက်မှာ အဓိက အာရုံစိုက်ပြီး နိုင်ငံစုံက ရှာဖွေရေးတွေကို လုပ်နေကြပါတယ်။

မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့က သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ပျောက်ဆုံးသွားတဲ့လေယာဉ်ကို ရှာဖွေနေကြတာပါ။

ကွာလာလာမ်ပူမြို့တော်ကနေ ဒီကနေ့ စနေနေ့ မနက်ပိုင်းမှာထွက်ခွာသွားတဲ့ ခရီးစဉ် MH ၃၇၀ လေယာဉ်ဟာ ပျံတက်ပြီးတော့ တစ်နာရီလောက်အကြာမှာပဲ အဆက်အသွယ်အားလုံးပြတ်သွားတယ်လို့ မလေးရှားလေကြောင်းက ပြောပါတယ်။

ခရီးသည်တွေထဲမှာ တရုတ်လူမျိုး ၁၅၂ ယောက်၊ မလေးရှား ၃၈ ယောက်၊ အမေရိကန် ၄ ယောက်အပါအဝင် စုစုပေါင်း နိုင်ငံ ၁၄ ခုက
ခရီးသည်တွေဖြစ်တယ်လို့ လေကြောင်းလိုင်းရဲ့ Facebook စာမျက်နှာမှာလည်း ဖော်ပြပါတယ်။
XS
SM
MD
LG