မက္ကဆီကိုပင်လယ်ကွေ့က ကမ်းလွန်ပင်လယ် ရေနံတူးစင် ပေါက်ကွဲမှုကြောင့် ရေနံတွေ ယိုထွက်နေတဲ့ ရေနံတွင်းကို အဖုံးတပ်ပြီး ပိတ်ဆို့လိုက်နိုင်တာဟာ သတင်းကောင်းပဲလို့ သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဒီအဖုံးကို ဆက်ထားပြီး ရေနံတွေ ထွက်နေတာကို လုံး၀ ရပ်တန့်သွားအောင် လုပ်နိုင်မလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးဘူးလို့ သူက သတိပေးလိုက်ပါတယ်။
အဖုံးစမ်းသပ် တပ်ဆင်ရာကနေ ထွက်လာတဲ့ အချက်အလက်တွေကို အစိုးရသိပ္ပံပညာရှင်တွေနဲ့ ပြင်ပက ကျွမ်းကျင်သူတွေက လေ့လာသုံးသပ်မှုတွေ လုပ်နေတယ်လို့ သမ္မတ အိုဘားမားက အိမ်ဖြူတော်မှာ သောကြာနေ့က ပြောကြားခဲ့ပါတယ်။
မက္ကဆီကို ပင်လယ်ကွေ့ ရေနံတွင်းက ထွက်နေတဲ့ ရေနံတွေကို အခုတပ်လိုက်တဲ့ အဖုံးက ထိန်းထားလိုက်နိုင်တယ် ဆိုတဲ့ အစောပိုင်းက ရလဒ်တွေနဲ့ အပေါ်မှာ အားတက်မိတယ်လို့ BP ဗြိတိသျှ ရေနံကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။
ရေနံတွင်းကနေ ထွက်လာတဲ့ ရေနံစိမ်းရဲ့ တွန်းအားတွေက ဆက်ပြီးတော့ များနေသေးကြောင်း၊ ဒါဟာ ကောင်းတဲ့လက္ခဏာ ဖြစ်တယ်လို့ BP ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Steve Rinehart က ဗွီအိုအေကို သောကြာနေ့က ပြောပါတယ်။ တကယ်လို့ ဖိအားတွေနည်းနေမယ်ဆိုရင်တော့ အဲဒါဟာ ရေနံတွေ တခြားတနေရာကနေ ယိုထွက်နေတာဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
အဝေးထိန်း စက်ခလုတ်နဲ့ ထိန်းချုပ်ပြီး ရေနံတွင်းတဝိုက်က ပင်လယ်ရေအောက် ကြမ်းပြင်မှာ အခြေအနေတွေကို အကဲခတ်နေတဲ့ ရေငုပ်သင်္ဘောကတော့ ရေနံ နဲ သဘာဝဓါတ်ငွေ့ ယိုဖိတ်ထွက်နေတာကို မတွေ့ရဘူးလို့ ဆိုပါတယ်။