သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေနံယိုဖိတ်မှု ပင်လယ်ကွေ့ဒေသ စီးပွားရေး အကြီးအကျယ် ထိခိုက်နိုင်


အမေရိကန်ပြည်ထောင်စု တောင်ပိုင်း မက္ကဆီကို ပင်လယ်ကွေ့ ကမ်းလွန် ရေနံပိုက်လိုင်း ရေနံအမြောက်အမြား ဖိတ်စင်မှုကြောင့် စီးပွားရေး ထိခိုက်နစ်နာမှု အကြီးအကျယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

မက္ကဆီကို ပင်လယ်ကွေ့ ကမ်းလွန် ရေနံပိုက်လိုင်း ရေနံအမြောက်အမြား ဖိတ်စင်နေတဲ့အပေါ် အစိုးရရဲ့ ကိုင်တွယ်ပုံကို ကြီးကြပ်နေရတဲ့ အမေရိကန် ကမ်းခြေစောင့်တပ် ဗိုလ်ချုပ်ကြီး သပ်ဒ် အယ်လ်န် (Thad Allen) က အိမ်ဖြူတော်မှာ ရှင်လင်းတင်ပြပြီးနောက် သမ္မတ အိုဘားမားက အခုလို ပြောဆိုလိုက်တာပါ။

ရေနံအမြောက်အမြား ဖိတ်စင်နေတာကြောင့် စီးပွားရေး ထိခိုက်နစ်နာနေကြတဲ့ ဒေသခံလူထုရဲ့ တောင်းဆိုချက်တွေကို BP British Petroleum ရေနံကုမ္ပဏီ အနေနဲ့ အလျှင်အမြန် တုံ့ပြန် ဖြည့်ဆည်းပေးရေး သေချာအောင် ဆောင်ရွက်ပေးစေလိုတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒေသတွင်းရှိ ငါးလုပ်ငန်း တံငါသည်တွေနဲ့ တခြား စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ နေ့စဉ် လူနေမှုဘ၀အပြင် ပင်လယ်ကွေ့မှာ ကျက်စားနေကြတဲ့ သတ္တ၀ါတွေရဲ့ အသက်ကယ်ဆယ်နိုင်ရေးကိုပါ စိတ်ချရအောင်၊ ရေနံဖိတ်စင်မှုကနေ အမြန်ဆုံး နာလံထူနိုင်အောင် လုပ်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ရေနံဖိတ်စင်နေတဲ့ ကမ်းလွန် ပင်လယ်အောက် ရေနံတွင်းအဖုံး ပိတ်နိုင်ခဲ့ပြီးနောက် ၂၄ နာရီအတွင်း ရေနံပေပါပေါင်း ၁၁,၀၀၀ ကို ရေနံတင်သင်္ဘောက ကဲ့ယူနိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး သပ်ဒ် အယ်လ်လန်က တနင်္လာနေ့ မနက်က သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG