သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေနံယိုဖိတ်မှု လျော်ကြေးငွေ ဒေါ်လာ ဘီလီယံ ၂၀ BP ကုမ္ပဏီ သဘောတူ


သမ္မတ အိုဘားမားနှင့် BP ကုမ္ပဏီ တာဝန်ရှိသူတို့ အိမ်ဖြူတော်တွင် ဆွေးနွေးနေစဉ်။ ဇွန် ၁၆၊ ၂၀၁၀။
သမ္မတ အိုဘားမားနှင့် BP ကုမ္ပဏီ တာဝန်ရှိသူတို့ အိမ်ဖြူတော်တွင် ဆွေးနွေးနေစဉ်။ ဇွန် ၁၆၊ ၂၀၁၀။

မက္ကဆီကို ပင်လယ်ကွေ့ ရေနံယိုဖိတ်မှုကြောင့် နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုတွေအတွက် ကုန်ကျငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ထားရှိဖို့ BP ရေနံကုမ္ပဏီဘက်က သဘောတူလိုက်ပြီလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။

ပင်လယ်ကွေ့မှာ ရေနံတွေ ယိုဖိတ်မှုဖြစ်ပြီး ၂ လနီးပါးအကြာ BP ရေနံကုမ္ပဏီဘက်က အမှုဆောင် အရာရှိတွေနဲ့ သမ္မတ အိုဘားမားတို့ သမ္မတ အိမ်ဖြူတော်မှာ မနေ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးပွဲအပြီး သမ္မတ အိုဘားမားက အခုလို သဘောတူညီချက်ကို ပြောလိုက်တာပါ။

ဒေါ်လာ ဘီလီယံ ၂၀ လျော်ကြေးရန်ပုံငွေ မတည်ငွေကို အမေရိကန်ရှေ့နေ ကန်းနက်သ် ဖိန်းဘာ့ဂ် (Kenneth Feinberg) က ကြီးကြပ်သွားမှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ သူဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တုန်းက အမေရိကန် ပြည်ထောင်စု အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်ပြီး နစ်နာသူတွေအတွက် လျော်ကြေးရန်ပုံငွေကို ကြီးကြပ်ခဲ့သူလည်း ဖြစ်ပါတယ်။

အခုလို ရေနံတွေ မက္ကဆီကို ပင်လယ်ကွေ့တလျှောက် ဖိတ်စင်တာကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ရေနံအလုပ်သမားတွေကို လျော်ကြေးငွေ ပေးချေဖို့လည်း BP ကုမ္ပဏီဘက်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ သတ်မှတ် မတည်ငွေ ထားတယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

အိမ်ဖြူတော်မှာ သမ္မတနဲ့ ဆွေးနွေးပြီးတဲ့နောက် BP ကုမ္ပဏီ ဥက္ကဋ္ဌ ကားလ် ဟန်းနရစ် ဆဗန်ဘာ့ဂ် (Carl Henric Svanberg) ကလည်း အခုလို ရေနံယိုဖိတ်မှုတွေအတွက် အမေရိကန် ပြည်သူတွေကို တောင်းပန်စကား ဆိုခဲ့ပါတယ်။ ဒါ့အပြင် အခုလို အခြေအနေကြောင့် ဒီနှစ်မှာ ကုမ္ပဏီ ရှယ်ယာဝင်တွေကို အမြတ်ငွေ ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

ရေနံယိုဖိတ်မှုဟာ ဧပြီ ၂၀ ရက်နေ့မှာ စခဲ့တာပါ။ ဒီအတွက် လူဝစ်စီရားယားနား ကမ်းခြေပိုင်းမှာ ရေပေါ် ရေနံလွှာ ဖုံးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အမေရိကန် ပြည်ထောင်စုမှာ အဆိုးဆုံး သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

XS
SM
MD
LG