သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေနံယိုဖိတ်မှု ထိုင်းခရီးသွားလုပ်ငန်းရှင်တွေစိုးရိမ်


ထိုင်းနိုင်ငံ အပန်းဖြေကျွန်းတကျွန်းရဲ့ ကမ်းရိုးတန်းတလျှောက်ကနေ ယိုစိမ့် ပျံ့နှံ့ပြီး ထိုင်းနိုင်ငံကုန်းမြေထိ ရောက်ရှိနိုင်တဲ့ ရေနံစိမ်းတွေကို တားဆီးဖို့ အထူး အကာအကွယ် လုပ်ထားတဲ့ အဖြူရောင်ဝတ်စုံတွေနဲ့ လုပ်သားတွေဟာ တူးရွင်းတွေ ရေပုံးတွေနဲ့ အကြီးအကျယ် ကြိုးစားနေကြပါတယ်။

ရေနံစိမ်းတွေဟာ Samet ကျွန်းရဲ့ ကမ်းခြေ အတော်များများဆီ အင်္ဂါနေ့က ရေနံစိမ်းတွေ လာတင်ခဲ့ပြီး အဲဒီ ရေနံစိမ်းတွေကို ဖယ်ရှားပစ်ဖို့ ထိုင်းစစ်သားတွေနဲ့ စွမ်းအင်ကုမ္ပဏီရဲ့ ရာနဲ့ချီတဲ့ ဝန်ထမ်းတွေ လုပ်ဆောင်နေကြပါတယ်။

ကျွန်းတဝိုက်က ရေပေါ်မှာရှိနေတဲ့ ဆီကြောကြီးကို ဖယ်ပစ်ပြီး မိုင်တော်တော်အဝေးမှာရှိတဲ့ ရနောင်းခရိုင် ကမ်းရိုးတန်းဘက်ကို လေပြင်းနဲ့ လှိုင်းလုံးတွေနဲ့ ပါမသွားဖို့ ကြိုးစားနေကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီလို ရေနံစိမ်း ယိုစိမ့်မှုကြောင့် နိုင်ငံခြားခရီးသွားတွေ အများကြီး ပြန်သွားကြလို့ ဒီအပန်းဖြေကျွန်းရဲ့ ခရီးသွားလုပ်ငန်းအပေါ် ရိုက်ခတ်မှုကြီးမှာကို ပိုပြီး စိုးရိမ်လာနေကြပါတယ်။

Ko Samet လို့လည်းခေါ်တဲ့ ဒီကျွန်းမှာ ကမ်းခြေတွေက အဖြူရောင် သဲသောင်တွေနဲ့မို့လို့ နိုင်ငံခြား ခရီးသွားတွေရော ဒေသခံတွေပါ ကြိုက်ကြတာပါ။ ထိုင်းအစိုးရပိုင် PTT ရေနံကုမ္ပဏီနဲ့ ဌာနခွဲတခု ဦးစီးလုပ်ကိုင်တဲ့ ရေနံပိုက်လိုင်းကနေ လီတာ (၅) သောင်းလောက်ရှိတဲ့ ရေနံစိမ်းတွေဟာ စနေနေ့ကပဲ ထိုင်းပင်လယ်ကွေ့မှာ ယိုစိမ့်ထွက်ကုန်တာပါ။ ဒါဟာ ထိုင်းနိုင်ငံသမိုင်းမှာ စတုတ္ထအကြီးဆုံး ရေနံ ယိုစိမ့်မှုဖြစ်ပါတယ်။

PTT ကတော့ ယိုစိမ့်တဲ့ရေနံစိန်းတွေကို (၃) ရက်အတွင်း အပြီး ဖယ်ရှားနိုင်ဖို့ ခန့်မှန်းထားတယ်လို့ အင်္ဂါနေ့မှာပဲ ပြောသွားတာပါ။ ဒါပေမဲ့ ရှင်းလင်းရေး လုပ်ငန်းတွေ ပြီးဖို့ အများကြီး လိုသေးတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းသူတွေကပြောပြီး PTT ဟာ ဒီလိုအဖြစ်မျိုး ပေါ်ပေါက်လာရင် ပြဿနာကို ဘယ်လို ရှင်းမလဲ ကြိုပြင်ဆင် မထားဘူးလို့လည်း စွပ်စွဲသွားပါတယ်။
XS
SM
MD
LG