သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်မြို့နယ်ဆိပ်ကမ်း ဆီတင်သင်္ဘောမီးလောင် လူ ၄ ဦးသေ


ရန်ကုန်တိုင်း လှိုင်မြို့နယ် အမှတ် ၄ ရပ်ကွက် ကမ်းနားလမ်းမှာရှိတဲ့ ပိတောက်ချောင်း ဆိပ်ကမ်းမှာ မြဝတီထရိတ်ဒင်းပိုင် ဆီတင်သင်္ဘောတစီး မီးလောင်ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အတွက် လူ ၄ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဗဟိုမီးသတ်အဖွဲ့က အတည်ပြု ပြောကြားခဲ့ပါတယ်။ အခြေအနေအသေးစိတ်ကိုတော့ မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင်းက ပိတောက်ချောင်းဆိပ်ကမ်းမှာ ဆီတင်သင်္ဘောတစီးက ကမ်းကပ်ပြီး ဆီ သယ်ဆောင်နေစဉ် မီးလောင်မှု စဖြစ်ခဲ့တာလို့ ဆိုပါတယ်။ မီးလောင်မှုဖြစ်ပြီးနောက် မီးသတ်ကားတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ တော်တော်များများ ရောက်ရှိ လာကြပြီး တနာရီအတွင်းမှာ မီးကို ငြိမ်းသတ်နိုင်ခဲ့ပေမဲ့ လူ ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတဲ့အကြောင်းကို ဗဟိုမီးသတ်ရုံးက တာဝန်ရှိသူတဦးက အတည်ပြု ပြောကြားခဲ့ပါတယ်။

“ဟုတ်ပါတယ်။ လူ ၄ ဦး သေဆုံးပါတယ်။ ၅ ဦးကတော့ ဒဏ်ရာရတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ရှိပါတယ်ခင်ဗျာ။ အကုန်လုံးကို ရန်ကုန်ဆေးရုံကြီးကို ပို့ထားပါတယ်ခင်ဗျာ။ ယောကျာ်း ၄ ဦး သေဆုံးပါတယ်။ သေဆုံးတယ်ဆိုတာပဲ ကျနော်သိပါတယ်။ ကျန်တာတော့ ကျနော် မသိသေးပါဘူး။ သတင်းအသေးစိတ်လည်း ကျနော်တို့ မရသေးပါဘူးခင်ဗျာ။”

မီးလောင်မူကြောင့် ဆီတင်သင်္ဘော တခုလုံး ပျက်စီးပြီး နစ်မြုပ်သွားခဲ့ပါတယ်။ လောလောဆယ်မှာ မီးလောင်မှုအတွင်းက အလောင်းတွေကို ရရှိတဲ့အတွက် လူ ၄ ဦးသေဆုံးကြောင်းကို အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။ ဆီတင်သင်္ဘော မီးလောင်မှုမှာ မီးသတ်ကားအစီးရေ တော်တော်များများ လာရောက်ပြီး ငြိမ်းသတ်ခဲ့ကြပါတယ်။

မီးလောင်ပေါက်ကွဲမှုနဲ့ပတ်သက်လို့ နောက်ထပ် သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေ ရှိနိုင်သေးတဲ့အတွက် ရဲအာဏာပိုင်တွေနဲ့ မီးသတ်တပ်ဖွဲ့တွေကတော့ ဆက်လက်ရှာဖွေနေဆဲလို့လည်း ဆိုပါတယ်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးနဲ့ပတ်သက်လို့တော့ အတည်ပြု ပြောကြားခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့နိုဝင်ဘာလကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့မှာ ဆီတင်ရထား တိမ်းမှောက်မှုဖြစ်ပြီး မီးလောင်ပေါက်ကွဲမှုကြောင့် ဆီခပ်ဖို့ လာတဲ့ ရွာသားတွေ ၂၀ ကျော် မီးလောင်သေဆုံးပြီး လူပေါင်း ၁၀၀ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း သံဖြူဇရပ် မြို့မဈေး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။ ဒီအတွက် ပျက်စီးဆုံးရှုံးမှု တွေဖြစ်ပြီး ဈေးရောင်းပြီး အသက်မွေးရသူအဖို့ အခက်အခဲတွေလည်း ဖြစ်ရပါတယ်။ မြန်မာနိုင်ငံမှာ နွေရာသီ ရောက်လာချိန်တိုင်း မီးလောင်ကျွမ်းမှုတွေ နေရာ တော်တော်များများမှာ ဖြစ်ခဲ့ပြီး မီးလောင်တဲ့အခါမှာ အချိန်မှီ မီးသတ်နိုင်မှု အားနည်းတာတွေ၊ ရေမလုံလောက်တာတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ပိုပြီး ဖြစ်ပေါ်ခဲ့ရပါတယ်။
XS
SM
MD
LG