သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်း ဥက္ကံမြို့မှာ ဆူပူမှုဖြစ်ပွား


ရန်ကုန်မြို့က အဓိကရုဏ်းနှိမ်နင်းရေး ရဲအရာရှိများ (၁၃ နိုဝင်ဘာ ၂၀၁၀)
ရန်ကုန်မြို့က အဓိကရုဏ်းနှိမ်နင်းရေး ရဲအရာရှိများ (၁၃ နိုဝင်ဘာ ၂၀၁၀)
ရန်ကုန်တိုင်းအတွင်း ဥက္ကံမြို့မှာ ဘာသာရေးကွဲပြားမှုအပေါ် အခြေခံတဲ့ ပဋိပက္ခ ဖြစ်ပွားရာက ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တချို့က အစ္စလာမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်တွေ ဖြစ်ပွားခဲ့ပြီး နောက် မှာတော့ လုံခြုံရေး အာဏာပိုင်တွေက အခြေအနေကို ထိန်းသိမ်းခဲ့ရတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က ရန်ကုန်မြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့မှာ ဒီကနေ့ အေစောပိုင်းက ဗုဒ္ဓဘာသာ ကိုယ်ရင်ငယ်တပါးကို မူဆလင် အမျိုးသမီးတဦး မောင်းလာတဲ့ မော်တော် ဆိုင်ကယ်နဲ့ မတော်တဆ ပွတ်တိုက်မိရာက ပဋိပက္ခတွေ စတင် ဖြစ်ပွား လာခဲ့ရတာပါ။

ဗုဒ္ဓဘာသာဝင် တချို့က မတော်တဆမှု ဖြစ်ပွားရာ အနီးအနားမှာရှိတဲ့ မူဆလင် ဗလီ အပါအဝင် ဈေးဆိုင်ခန်းတချို့ကို တိုက်ခိုက်ခဲ့ တာကြောင့် ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်၊ သမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ်တဲ့ ဦးရဲထွဋ် ကတော့ ဆူပူအကြမ်းဖက်သူတွေကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ပြီး ညနေပိုင်းမှာ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့တဲ့အကြောင်း သူ့ရဲ့ Facebook အင်တာနက် လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း ဈေးဆိုင်ခန်းတချို့ မီးလောင်ပျက်စီးမှု ရှိခဲ့သလို၊ ဗလီကျောင်းမှာလည်း ပျက်စီးမှု အနည်းအကျဉ်း ရှိခဲ့တယ်လို့ ပြောပါတယ်။ ဆူပူမှုတွေအတွင်း အထိအခိုက် အပျက်အစီးတွေနဲ့ပတ်သက်လို့ ဥက္ကံမြို့ခံတဦးဖြစ်တဲ့ ဦးစိုးနိုင် ပြောပြတာကတော့ -

“ဒဏ်ရာရတာ ဘာညာမရှိပါဘူး။ ဆိုင်တချို့နဲ့ အိမ်တချို့ပေါ့ နည်းနည်းပါးပါး ထိခိုက်သွားတယ်။ တစ်လုံး နှစ်လုံးလောက်ပါပဲ။ ကြားတဲ့သတင်းအရတော့ နှစ်လုံးပျက်သွားတယ်လို့ ပြောတယ်။”

မကြာသေးခင်တုန်းကလည်း မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဈေးဝယ်သူနဲ့ ဈေးရောင်းသူ စကားများရာက စလိုက်တဲ့ ပဋိပက္ခတွေ ပဲခူးတိုင်းထဲက မြို့တချို့ကိုပါ ကူးစက်ပြန့်ပွားခဲ့သလို၊ ထိခိုက်သေကျေမှုတွေလည်း ကြုံခဲ့ရတာပါ။

ဒီလို ဘာသာရေး ကွဲပြားမှု အခြေခံတဲ့ တင်းမာမှုတွေ ရှိနေရာက အခုလို မတော်တဆမှုကနေ ပြဿနာတွေ ကြီးထွားခဲ့ရတာလို့လည်း ဥက္ကံမြို့ခံ ဦးစိုးနိုင် က ပြောပါတယ်။ ဒါပေမဲ့လည်း အခုနောက်ဆုံး ပဋိပက္ခအတွင်းမှာတော့ လူတွေ အထိအခိုက် အသေအပျောက်တော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။

“နာကျင်ဒဏ်ရာရတာတို့ ဘာတို့ အဲ့လိုမျိုးတော့ မကြားဘူး။ စဖြစ်တာကတော့ အရင်ရက်တွေတုန်းကဗျာ တဘက်နဲ့တဘက် တင်းတင်းမာမာလေးတွေကတော့ ရှိနေမှာပေါ့။ အခု လောလောလတ်လတ်ကတော့ ကိုရင်လေးတပါးကို မူဆလင် အမျိုးသမီးတဦးက ဆိုင်ကယ်လ်နဲ့ ဝင်ချိတ်မိတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ မကျေမနပ် ဖြစ်ကြတာပေါ့လေ။”

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီတွေ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့သလို နှစ်ဘက်ဘာသာဝင်တွေရဲ့ လူနေအိမ်နဲ့ ဈေးဆိုင်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဥက္ကံဒေသခံတွေက ပြောပါတယ်။

ဥက္ကံမြို့အတွင်းမှာ အခုလို အကြမ်းဖက်မှု ဖြစ်ရပ်တွေ တင်းမာနေချိန်မှာပဲ ရန်ကုန်က ရွှေညဝါ ဆရာတော်ကြီးကိုယ်တိုင်က နှစ်ဘက်လူမျိုးစု နှစ်စုအကြား ပြေလည်မှု ရရှိဖို့အတွက် ကြားဝင်ညှိနှိုင်းပေးတာတွေလည်း ဆောင်ရွက်ပေးခဲ့တယ်လို့ ဦးစိုးနိုင် က ပြောပါတယ်။

“အခြေအနေအားလုံးကို ထိန်းနိုင်တဲ့ အနေအထားတော့ ဖြစ်သွားပြီ။ ရွှေညဝါဆရာတော်ကိုယ်တိုင် ဝင်ထိန်းတယ်။ တော်တော်လေး တန့်သွားတယ်ပေါ့။ ပြီးသွားသလောက် ဖြစ်နေပါပြီ။”

ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း မိတ္ထီလာမြို့မှာ ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အထိ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမှာလည်း ဒီနေ့အထိ ဘာသာရေးအပေါ် အခြေခံတဲ့ အကြမ်းဖက် ပဋိပက္ခတွေ ဆက်ဖြစ်နေခဲ့တာပါ။

အဲ့ဒီတုန်းက ဆူပူအကြမ်းဖက် လုပ်ရပ်တချို့ကို စတင် ဖန်တီးခဲ့သူတွေနဲ့ ကိုယ်တိုင် ကျူးလွန်ခဲ့သူတွေကို အာဏာပိုင်တွေက အရေးယူမှုတွေ ဆောင်ရွက်နေသလို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကလည်း လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ ပြဿနာတွေ မတက်ဖို့နဲ့ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြုပြီး ဆူပူအောင် လှုံ့ဆော်သူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်ဆိုပြီးတော့လည်း တရားဝင် ပြောထားတာ ဖြစ်ပါတယ်။

လူအသေအပျောက်တွေ ကြုံခဲ့ရတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေး အာဏာပိုင်တွေရဲ့ ထိန်းသိမ်းမှုကြောင့် အဲ့ဒီတုန်းက အခြေအနေတွေဟာ ဆိုးဆိုးရွားရွား အဆင့်ကို ကျော်လွန်နိုင်ပြီလို့လည်း မြန်မာအစိုးရ အာဏာပိုင်တွေကတော့ သူတို့ရဲ့အစိုးရပိုင် မီဒီယာတွေမှာ ဖော်ပြထားပြီး ဒီနေ့မှာပဲ အခုလို သွေးထွက်သံယို ပျက်စီးမှုတွေ ရှိလာတဲ့အထိ အကြမ်းဖက်မှုတွေ ပြန်လည် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG