သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ် ပထမဆုံးရွှေတံဆိပ် တရုတ် ဆွတ်ခူး


အကြိမ် (၃၀) မြောက် နွေရာသီ အိုလံပစ် အားကစားပြိုင်ပွဲတွေကို ဗြိတိန်နိုင်ငံ လန်ဒန် မြို့မှာ တရားဝင် ဖွင့်လှစ်ခဲ့ပြီးတဲ့နောက် ပြိုင်ပွဲတွေ စတင် ကျင်းပနေတာမှာ ပထမဆုံး ရွှေတံဆိပ် ဆုကို တရုတ်နိုင်ငံက ရရှိသွားပါတယ်။ အမျိုးသမီး ၁၀ မီတာ လေသေနတ်ပစ် ပြိုင်ပွဲအတွက် တရုတ်နိုင်ငံက Yi Siling က ရွှေတံဆိပ် ရသွားတာဖြစ်ပါတယ်။ ဒီတခါ အိုလံပစ် ပြိုင်ပွဲတွေမှာ ပထမဆုံး စံချိန်ကိုတော့ တဦးချင်းမြားပစ် ပြိုင်ပွဲမှာ တောင်ကိုရီးယား နိုင်ငံက Im Dong-hyun က သူ အရင်တင်ထားတဲ့ ကမ္ဘာစံချိန်ကိုပဲ ထပ်ချိုးခဲ့ပါတယ်။

အခု အသံလွှင့်နေချိန်မှာ စက်ဘီးစီး၊ ကြက်တောင်ရိုက်၊ ဂျူဒို၊ အလေးမ၊ မြားပစ်၊ သေနတ်ပစ် စတဲ့ အားကစား ပြိုင်ပွဲတွေကို ကျင်းပနေပါတယ်။ ဒီကနေ့ ပြိုင်ပွဲတွေထဲမှာ မြန်မာအသင်းက ကိုမောင်ကြူးက သေနတ်ပစ်ပွဲနဲ့ မရွှေဇင်လတ်က အနောက်တိုင်း လှေလှော်ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်နေကြပါတယ်။ ၂၀၁၂ အိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲကိုတော့ သောကြာနေ့ ညတုန်းက လန်ဒန်မြို့မှာ ကျင်းပခဲ့တာမှာ အယ်လိဇဘက်သ် ဘုရင်မကြီးက အိုလံပစ် ပြိုင်ပွဲတွေကို တရားဝင် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ခေတ်သစ်သမိုင်းမှာ အကြိမ် (၃၀) မြောက် အိုလံပစ် ပြိုင်ပွဲတွေကို ဖွင့်လှစ်ကြောင်း ဗြိတိန် ဘုရင်မကြီးက ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာပဲ ဘောလုံး အကျော်အမော် David Beckham Speed Boat နဲ့ သယ်ယူလာပေးတဲ့ အိုလံပစ် မီးတောက်ကိုတော့ မျိုးဆက်သစ် လူငယ်အားကစားသမား ၇ ယောက်က အိုလံပစ် ကွင်းထဲကို လက်ဆင့်ကမ်း သယ်ယူလာပြီး မီးရှူးတိုင်မှာ မီးထွန်း ညှိခဲ့ကြပါတယ်။ ၃ နာရီ လောက်ကြာတဲ့ ဖွင့်ပွဲအခမ်းအနား ဖျော်ဖြေမှုတွေကို အကယ်ဒမီ Director Denny Boyle က စီစဉ်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ ရှေးဦး မြေယာ လူ့အဖွဲ့အစည်းကနေ စက်မှုတော်လှန်ရေးခေတ်ကို ကျော်ဖြတ်ပြီး ဒီကနေ့ Digital ခေတ်အဖြစ် အဆင့်ဆင့် အသွင်ပြောင်းလာခဲ့ပုံတွေကို အခမဲ့ ပါဝင်ကပြသူ ၁ သောင်းကျော်နဲ့ သရုပ်ဖော် ပြသ သွားခဲ့ပါတယ်။ ခေတ်အဆက်ဆက်မှာ ဗြိတိန်နိုင်ငံက ကျော်ကြားတဲ့ ကလေးပြဇာတ် Marry Poppin ကစလို့ Harry Potter စာရေးဆရာမ J K Rolwing၊ Mr. Bean နဲ့ James Bond၊ အဆိုတော် Paul McCartney စတဲ့ ကမ္ဘာကျော်သူတွေ၊ ကမ္ဘာကျော် ဗြိတိန်သီချင်းတွေနဲ့ အဆင့်ဆင့် ပုံဖော်သွားခဲ့တာ ဖြစ်ပါတယ်။

James Bond မင်းသား Daniel Craig က အယ်လိဇဘက်သ် ဘုရင်မကြီးကို Buckingham နန်းတော်ကနေ ရဟတ်ယာဉ်နဲ့ သွားခေါ်လာခဲ့ပြီး အိုလံပစ် အားကစားကွင်းထဲကို လေထီးနဲ့ ခုန်ချတဲ့ သရုပ်ဖော်ကွက်ကို ပရိသတ်တွေ အင်မတန် အကြိုက်တွေ့ခဲ့ကြပါတယ်။ ကမ္ဘာတဝန်း ရုပ်မြင်သံကြားပေါ်ကနေ တိုက်ရိုက် ထုတ်လွှင့်ပြသတဲ့ အခမ်းအနားဖွင့်ပွဲကို လူပေါင်း သန်း ၁ ထောင်လောက် ကြည့်ရှုခဲ့ကြပါတယ်။
XS
SM
MD
LG