တောင်အာဖရိကနိုင်ငံ Pretoria မြို့က အိုလံပစ် အပြေးသမား Oscar Pistorius ရဲ့ နေအိမ်မှာ အမျိုးသမီးတဦး သေနတ်နဲ့ ပစ်ခံထားရတဲ့အတွက် သူ့ကို ရဲတွေက ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။
ပစ်ခတ်မှုဖြစ်ပွားချိန်မှာ Pistoria နဲ့ သေဆုံးသူ အမျိုးသမီးတို့ ၂ ဦးသာ ရှိခဲ့ပြီး တခြား မသင်္ကာဖြစ်စရာလူ မရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အိမ်အတွင်းကို အတင်း ချိုးဖောက် ၀င်ရောက်ထားတဲ့ လက္ခဏာတွေလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။
အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Oscar Pistorius ဟာ ခြေထောက် ၂ ချောင်းလုံး ပြတ်နေသူ တဦးအနေနဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လက လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ အိုလံပစ်ပွဲမှာ မီတာ ၄၀၀ အပြေးပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ပြီး သမိုင်းမှတ်ကျောက် တင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒေသခံ သတင်း မီဒီယာတွေ မှာတော့ သေဆုံးသူ အမျိုးသမီးဟာ Oscar Pistorius ရဲ့ မော်ဒယ် ရည်းစား Reeva Steenkamp ဖြစ် တယ်လို့ ဖော်ပြထားပါတယ်။ Steenkamp ရဲ့ လူထုဆက်ဆံရေးအတွက် အကျိုးဆောင်ပေးနေတဲ့ ကုမ္ပဏီကလည်း သူမ သေသွားပြီဆိုတဲ့အကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ပစ်ခတ်မှုမဖြစ်ပွားခင်က အခင်းဖြစ်ပွားတဲ့အိမ်အတွင်းမှာ အော်ဟစ် ရန်ဖြစ်တဲ့အသံတွေ ကြားခဲ့ရတယ်လို့လည်း အိမ်နီနားချင်းတွေက ပြောပါတယ်။ အရင်ကလည်း အလားတူ မကြာခဏ ရန်ဖြစ်တာကို မြင်တွေ့ခဲ့ရတယ်လို့ အိမ်နီးနားချင်းတွေက ပြောကြပေမယ့် အဲဒီလို ဖြစ်တဲ့နေရာမှာ Oscar Pistorius ကိုယ်တိုင် ပါဝင် ပတ်သက်ခြင်း ရှိမရှိဆိုတာတော့ မပြောနိုင်ကြပါဘူး။