ဇီကာ ဗိုင်းရပ်ပိုး ပျံ့နှံ့မှု ဖြစ်ပွားနေတဲ့အတွက် Rio de Janeiro မြို့မှာ ကျင်းပဖို့ ရှိနေတဲ့ အိုလံပစ်အားကစားပွဲတွေကို ရွေ့ဆိုင်းထားဖို့ တိုက်တွန်းထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ကျန်းမာရေး ကဏ္ဍ ကျွမ်းကျင်သူ ၁၅၀ လောက်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။
နိုင်ငံပေါင်း ၂၀ကျော်က ပြည်သူ့ကျန်းမာရေး၊ ဆေးပညာနဲ့ သင်ကြားရေး နယ်ပယ်တွေက ကျွမ်းကျင်သူတွေ ပါဝင်တဲ့ လက်မှတ်ရေးထိုးသူတွေဟာ ဒီ အိုလံပစ် အားကစားပွဲကို ဖြစ်အောင် ကျင်းပမယ်ဆိုရင် ကျင့်ဝတ်နဲ့ မညီသလို၊ တာဝန်မဲ့ရာလည်း ရောက်တယ်လို့ သောကြာနေ့က ပြောခဲ့ကြပါတယ်။
လက်မှတ်ရေးထိုးသူတွေထဲမှာ အိမ်ဖြူတော်အတွက် သိပ္ပံပညာဆိုင်ရာ အကြံပေးဟောင်း ဖြစ်တဲ့ ဒေါက်တာ Philip Rubin လဲ ပါဝင်ပါတယ်။
ဘရာဇီးမှာပျံ့နှံ့နေတဲ့ ဇီကာ ဗိုင်းရပ်စ်ပိုး အမျိုးအစားဟာ သိပံ္ပ ပညာနယ်ပယ်မှာ တစ်ခါမှ မကြုံဖူးတဲ့ ပုံစံမျိုးနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာ တွေ့ရတယ်လို့ အဲဒီ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
ဒီဗိုင်းရပ်ဟာ မွေးရာပါ ချို့ယွင်းချက်ရှိတဲ့ ကလေးတွေ မွေးဖွားမှုနဲ့ ဆက်စပ်နေပြီး၊ microcephaly လို့ ခေါ်တဲ့ ဦးခေါင်းသေး ဦးနှောက်သေးတဲ့ ကလေးတွေ မွေးဖွားလာ စေပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ Rio de Janeiro မြို့မှာ လုပ်မဲ့ အိုလံပစ် အားကစားပွဲတွေ အပါအ၀င် ဇီကာ ရောဂါပိုး ပျံ့နှံ့မှု ဖြစ်နေတဲ့ ဒေသတွေကို သွားရောက်တာ ရှောင်ကြဉ်သင့်တယ် လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။