သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတံဆိပ် ၁၈ ခု ပိုင်ရှင် Michael Phelps ရေကူးပြိုင်ပွဲတွေကနေ အနားယူပြီ


200 meter men
200 meter men
သြဂုတ်လ (၄) ရက်နေ့က အကြိမ်(၃၀)မြောက် ၂၀၁၂ လန်ဒန် နွေရာသီ ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲရဲ့ အမျိုးသား မီတာ ၄၀၀ လက်ဆင့်ကမ်း ရေကူး ပြိုင်ပွဲမှာ လိပ်ပြာကူးနေရာကနေ ပါဝင်ယှဉ်ပြိုင်ခဲ့သူ ကမ္ဘာကျော် ရေကူးချန်ပီယံ မိုက်ကယ်လ်ဖဲ့လ်စ် (Michael Phelps) ပါဝင်တဲ့ အမေရိကန်အသင်းက ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့တာကြောင့်၊ မိုက်ကယ်လ် ဖဲ့လ်စ်ဟာ အိုလံပစ်သမိုင်းမှာ တစ်ဦးတည်း ရွှေတံဆိပ် (၁၈) ခု အပါအဝင် ဆုတံဆိပ်ပေါင်း (၂၂) ခု ရရှိထားသူအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။ အသက်(၂၇) နှစ်ရှိပြီဖြစ်တဲ့ မိုက်ကယ်လ်ဖဲ့လ်စ်ဟာ အခုပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အိုလံပစ်ပွဲက အမျိုးသားမီတာ ၄၀၀ လက်ဆင့်ကမ်း ရေကူးပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံးရေကူးပြိုင်ပွဲ ဖြစ်ပြီး၊ နောက်ထပ် ရေကူး အားကစားပြိုင်ပွဲတွေ မဝင်တော့ဘဲ အနားယူတော့မယ်လို့ ကြေညာထားပါတယ်။

အသက် ၁၅ နှစ်အရွယ်က သြစတြေးလျမှာကျင်းပတဲ့ ၂၀၀၀ ခုနှစ် Sydney နွေရာသီ ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲမှာ စတင်ပါဝင်ခဲ့တဲ့ မိုက်ကယ်လ်ဖဲ့လ်စ်ဟာ ၂၀၀၄ Athens အိုလံပစ်မှာ ရွှေတံ ဆိပ် (၆) ခု၊ ကြေး တံဆိပ်(၂) ခု၊ ၂၀၀၈ Bejing အိုလံပစ်မှာ သမိုင်းဝင်မှတ်တမ်းတင် အဖြစ် ရွှေတံဆိပ်(၈) ခု ရရှိခဲ့ပြီးတော့ အခု London အိုလံပစ်မှာ၊ ရွှေတံဆိပ်(၄)ခုနဲ့ ငွေတံဆိပ်(၂)ခု ရရှိခဲ့ပါတယ်။

သြဂုတ်လ (၄)ရက်နေ့က အမျိုးသားမီတာ၁,၅၀၀ ရေကူးပြိုင်ပွဲမှာတော့ တရုတ်နိုင်ငံက ဆန်ယန်း (Sun Yang)က (၁၄) မိနစ် (၃၁.၀၂) စက္ကန့်နဲ့ ရွှေတံဆိပ် ရရှိသွားခဲ့ပါတယ်။

အိုလံပစ်သမိုင်း (၁၀၄) နှစ်အတွင်း ဗြိတိန်နိုင်ငံ အနေနဲ့ အကြီးအကျယ်ဆုံး အောင်ပွဲခံမှု အဖြစ်၊ သြဂုတ်လ(၄)ရက်နေ့က တစ်နေ့ထဲနဲ့ ရွှေတံဆိပ် (၆)ခု ဆွတ်ခူးသွားခဲ့ပါတယ်။ ဒီအထဲမှာ ပြေးခုန်ပစ် ပြိုင်ပွဲတွေမှာ အမျိုးသားမီတာ ၁၀,၀၀၀ ပြိုင်ပွဲမှာ ဗြိတိန်က မိုးဖာရာ (Mo Farah)၊ အမျိုးသမီး (၇) မျိုး စုံ (Heptathlon) ပြိုင်ပွဲမှာ ဗြိတိန်က ဂျက်ဆီကာ အဲနစ်(စ်) (Jessica Ennis) နဲ့ အဝေးခုန်ပြိုင်ပွဲမှာ ဗြိတိန်က ဂရက်၈် ရူသာဖို့ဒ် (Greg Rutherford) တို့က ရွှေတံဆိပ်တွေ ရရှိခဲ့ကြပါတယ်။ အမျိုးသားလေးယောက်တွဲ လှေပြိုင်ပွဲ၊ အမျိုးသမီး (light weight double sculls) လှေပြိုင်ပွဲ နဲ့ အမျိုးသမီး လေးယောက်တွဲ (pursuiters) စက်ဘီးပြိုင်ပွဲတွေမှာ ဗြိတန်အသင်းတွေက ရွှေတံဆိပ်တွေ ရရှိခဲ့ကြပါတယ်။

တင်းနစ်ပြိုင်ပွဲတွေမှာတော့ အမေရိကန်တွေ အောင်ပွဲခံခဲ့ကြပါ တယ်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ Serena Williams က ရုရှားက Maria Sharapova ကိုနိုင်ပြီး ရွှေတံဆိပ်ရရှိသလို၊ အမွှာညီအစ်ကိုဖြစ် ကြတဲ့ Bob နဲ့ Mike Bryan တို့က အမျိုးသားနှစ်ယောက်တွဲ ပွဲမှာ ပြင်သစ်အသင်းကို အနိုင်ရပြီး ရွှေ တံဆိပ် ရယူသွားခဲ့ပါ တယ်။ ဒါဟာ သူတို့အမွှာညီအစ်ကိုရဲ့ (၁၁)ခု မြောက် Grand Slam ဆု လည်း ဖြစ်ပါတယ်။

အမျိုးသားမီတာ ၄၀၀ ပြေးပွဲ လူရွေးပွဲရဲ့ အံ့မခန်းဖြစ်ရပ်ကတော့ ကွေးထားတဲ့ သံပြားပါးပါး ခြေ တုနှစ်ချောင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တောင်အာဖရိကနိုင်ငံက Oscar Pistorius က၊ ပြိုင် ဘက်(၈)ဦးထဲမှာ ဒုတိယနဲ့ ပန်းဝင်ခဲ့တာကြောင့်၊ ဒုတိယအဆင့်ကို တက်လှမ်း သွားခဲ့ပါတယ်။
XS
SM
MD
LG