သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ် ပထမနေ့ပွဲစဉ် ကြည့်ချင်သူတွေ မကြည့်ရ


လန်ဒန် အိုလံပစ်ပြိုင်ပွဲ ပထမနေ့ အားကစားပွဲ အတော်များများမှာ ပွဲကြည့်စင်တွေပေါ်မှာ နေရာ အလွတ်တွေ အများကြီးကျန်နေတာဟာ ဘယ်လိုကြောင့်လဲ ဆိုတာကို အိုလံပစ်ပြိုင်ပွဲ စီစဉ်ကြီးကြပ်သူတွေက စုံစမ်းစစ်ဆေးနေပါတယ်။ တီဗွီရုပ်သံတွေမှာတော့ Wimbledon တင်းနစ်ကွင်း၊ ရေကူးကန်တွေ၊ အားကစားရုံတွေ နဲ့ တခြား အားကစားကွင်းတွေမှာ နေရာ အတော်များများ လွတ်နေတာတွေကို ပြသခဲ့ပါတယ်။ အဲဒါကြောင့် လက်မှတ်ဝယ်လို့မရတဲ့ အားကစားဝါသနာရှင်တွေဟာ ဒေါသထွက်ပြီးတော့ လက်မှတ်တွေ ဝယ်မရတဲ့အပေါ်မှာ မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ယဉ်ကျေးမှုဝန်ကြီး Jeremy Hunt ကတော့ အဲဒီလွတ်နေတဲ့ ခုံတွေဟာ ပွဲအတွက် ကမကထ လုပ်သူတွေအတွက် ပေးထားတဲ့နေရာတွေ ဖြစ်ကြောင်း၊ တကယ်လို့ အဲဒီလူတွေအနေနဲ့ ပွဲကိုမကြည့်နိုင်ရင် လက်မှတ်တွေကို ပွဲတကယ်ကြည့်ချင်တဲ့ အားကစားဝါသနာရှင်တွေ ဝယ်လို့ရအောင် လုပ်ထားပေးသင့်တယ်လို့ ပြောပါတယ်။

ဒီကနေ့မှာတော့ Kobe Bryant နဲ့ Lebron James တို့လို့ နံမည်ကြီးတွေ အများအပြား ပါဝင်တဲ့ အမေရိကန် ဘတ်စကတ်ဘော အသင်းဟာ လန်ဒန်အိုလံပစ်ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဉ် အဖြစ် ပြင်သစ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

အခုသတင်းကြေညာချိန်အထိ နောက်ဆုံးသိရသလောက် ဆုတံဆိပ်ရတဲ့ အနေအထားကတော့ တရုတ်နိုင်ငံက ရွှေ ၅ ခု၊ ငွေ ၁ ခု ၊ ကြေး ၂ ခု ရထားပြီး ပထမ၊ အမေရိကန်က ရွှေ ၂ ၊ ငွေ ၂ ၊ ကြေး ၂ နဲ့ ဒုတိယ၊ အီတလီက ရွှေ ၂၊ ငွေ ၂၊ ကြေး ၁ နဲ့ တတိယ ၊ အဲဒီနောက်မှာမှ တောင်ကိုရီးယားက စတုတ္ထ၊ ဘရာဇီးက ပဉ္စမ ရထားပါတယ်။ အိမ်ရှင် Great Britain ကတော့ အခုချိန်ထိ ဆုတံဆိပ်တခုမှ ရထားခြင်းမရှိသေးပါဘူး။
XS
SM
MD
LG