သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယားခေါင်းဆောင်ရဲ့ ညီမ ဆောင်းရာသီ အိုလံပစ်ပွဲတော် တက်မည်


အကိုဖြစ်သူ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (ညာ) နဲ့ အတူ Kim Yo Jong ဟာ၂၀၁၅ ခုနှစ်က မြောက်ကိုရီးယား စစ်အခြေစိုက်စခန်းတခုကို သွားရောက်ကြည့်ရှုစဉ်
အကိုဖြစ်သူ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (ညာ) နဲ့ အတူ Kim Yo Jong ဟာ၂၀၁၅ ခုနှစ်က မြောက်ကိုရီးယား စစ်အခြေစိုက်စခန်းတခုကို သွားရောက်ကြည့်ရှုစဉ်

အခုသတင်းပတ်နှောင်းပိုင်း စတင်ဖွင့်လှစ်ကျင်းပမဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော်ကို တက်ရောက်ဖို့အတွက် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ညီမဖြစ်သူဟာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညီမဖြစ်သူ Kim Yo Jong ဟာ အာဏာရ အလုပ်သမားပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးလည်းဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲအတွက် မြောက်ကိုရီးယားအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ရဲ့ အဖွဲ့ဝင်တဦး အဖြစ်နဲ့ လိုက်ပါမှာလည်းဖြစ်ပါတယ်။ ဦးစံမိုးဝေက ဆက်လက်တင်ပြမှာပါ။

အသက် ၃၀ ဝန်းကျင် အရွယ်သာ ရှိသေးတဲ့ Kim Yo Jong ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုံးကမှ အာဏာရ အလုပ်သမားပါတီရဲ့ မူဝါဒတွေ ချက်ချမှတ်တဲ့ ပေါလစ်ဗျူရိုရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တဦးအဖြစ် သူမရဲ့အကို က ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

သူမဟာ မြောက်ကိုရီးယား လွှတ်တော်ဥက္ကဌ Kim Yong Nam ဦးဆောင်တဲ့ မြောက်ကိုရီးယားအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ အဖွဲ့ဝင်တဦး အဖြစ်နဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို တက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံကို သောကြာနေ့မှာ ရောက်ရှိလာမှာ ဖြစ်တဲ့အကြောင်းတောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

“ပြုံချမ်းမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို တက်ရောက်မယ့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ရဲ့ အဖွဲ့ဝင်စာရင်းကို ကျနော်တို့ဆီကို မြောက်ကိုရီးယားက ဒီကနေ့ အကြောင်းကြားခဲ့ပါတယ်။ အဖွဲ့ကို မြောက်ကိုရီးယား လွှတ်တော်ဥက္ကဌ Kim Yong Nam ဦးဆောင်ပြီး အဖွဲ့ဝင်တွေထဲမှာ မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီရဲ့ ဒုတိယ ဥက္ကဌ (၁) Kim Yo Jong ၊ အမျိုးသားအားကစာ လမ်းညွှန်ကော်မတီ ဥက္ကဌ Choe Hwi နဲ့ ကိုရီးယား ၂ နိုင်ငံ ညှိနှိုင်းရေး အေဂျင်စီ ဥက္ကဌ Ri Son Gwon တို့လည်း ပါဝင်ပါတယ်။”

တောင်ကိုရီးယား သမ္မတ ပြောခွင့်ရသူ Kim Euikyeom ပြောသွားတာဖြစ်ပါတယ်။

Kim Jong Un ရဲ့ညီမဖြစ်သူ Kim Yo Jong ဟာ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်တွေအတွင်း တစထက်တစ လူသိများထင်ရှားလာနေသူဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

Kim Yo Jong ဟာ ၁၉၅၀ -၅၃ ခုနှစ်ကာလ ကိုရီးယား စစ်ပွဲဖြစ်ပွားခဲ့ပြီးတဲ့ နောက်ပိုင်း တောင်ကိုရီးယားနိုင်ငံကို ပထမဦးဆုံး လာရောက်တဲ့ မြောက်ကိုရီးယား အာဏာရခေါင်းဆောင်မိသားစုဝင်လည်း ဖြစ်ပါလိမ့်မယ်။

အခုလို သူမလိုက်ပါလာမယ့် ခရီးစဉ်ကို ထူးခြားမှု တခုအဖြစ်နဲ့ ရှုမြင်ကြောင်း တောင်ကိုရီးယားသမ္မတ ပြောခွင့်ရသူ Kim Euikyeom က ပြောပါတယ်။

“အထူးသဖြင့် Kim Jong Un ရဲ့ ညီမဖြစ်သူ Kim Yo Jong ဟာ အလုပ်သမားပါတီအတွင်း အရေးပါတဲ့ အခန်းကဏ္ဍမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ နောက်ပြီး သူမရဲ့ ခရီးစဉ်က ပိုမိုလေးနက်တဲ့ အဓိပ္ပယ်ရှိမယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်။”

မြောက်ကိုရီးယားနိုင်ငံဟာ အိုလံပစ်ပြိုင်ပွဲ ကို အကြောင်းပြုပြီး တောင်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့နဲ့ သံတမန်ရေးအရ အထီးကျန်နေမှုကို ကျော်လွှားလိုတဲ့ ဆန္ဒကို ပြသလိုတာ ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန် ပြည်ထောင်စုကို ချင်းကပ်နိုင်ဖို့အတွက် တောင်ကိုရီးယား ကို ကြားခံအဖြစ် အသုံးပြုနိုင်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်စဉ်အတွင်း Kim Yo Jun ရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့တော့ ဘာမှ တိတိကျကျ စီစဉ် ထားတာမရှိသေးဘူးလို့ တောင်ကိုရီးယားရဲ့ ကိုရီးယား ၂ နိုင်ငံပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။

သူမအနေနနဲ့ တောင်ကိုရီးယား သမ္မတ Moon Jae-in နဲ့ တွေ့ဆုံဖို့ ရှိမရှိဆိုတာကိုလည်း လတ်တလော မသိရသေးပါဘူး။ လွတ်လပ်တဲ့ သဘောထားရှိသူ သမ္မတ Moon Jae-in ဟာ မြောက်ကိုရီးယားနဲ့ ထိတွေ့ဆက်ဆံမှု ပြုလုပ်လိုတဲ့ ဆန္ဒရှိကြောင်း ထုတ်ဖေါ်ပြောဆိုထားသူဖြစ်ပါတယ်။

မြောက်ကိုးရီးယားခေါင်းဆောင်ရဲ့ ညီမ ဆောင်းရာသီ အိုလံပစ်ပွဲတော် တက်မည်
please wait

No media source currently available

0:00 0:02:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG