သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်ပထမနေ့ ကန်နဲ့ တောင်ကိုရီးယားတို့ ဦးဆောင်နေ


စနေနေ့မှာ ရီယို အိုလံပစ်ပွဲတော်က အားကစားပြိုင်ပွဲတွေ စတင်နေပြီဖြစ်ပြီး စက်ဘီးစီးပြိုင်ပွဲ၊ ကမ်းခြေဘော်လီဘောပွဲ၊ လက်ဝှေ့နဲ့ ရေကူးနည်း မျိုးစုံပြိုင်ပွဲတွေလည်း ကျင်းပနေပါပြီ။ ဒီအထဲက အမျိုးသမီး ဘောလုံးပွဲမှာတော့ အမေရိကန်နဲ့ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်နေပြီး အမျိုးသား ဘတ်စကက်ဘောပွဲမှာ အမေရိကန်နဲ့ တရုတ်အသင်းတို့ ယှဉ်ပြိုင်ကြပါတယ်။

Rio ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ ပထမနေ့မှာ ရရှိထားကြတဲ့ ဆုတံဆိပ်စာရင်းကတော့ - အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ရွှေ ၁ ခု၊ ငွေ ၁ ခုစီတို့နဲ့ ထိပ်ကနေ ဦးဆောင်နေပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာတော့ ဗီယက်နမ်နိုင်ငံက အမျိုးသား တဦးချင်း သေနတ်ပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်တခု ရရှိသွားပြီ ဖြစ်ပါတယ်။

တခြား ရွှေတံဆိပ် တခုစီ ဆုရထားတဲ့ နိုင်ငံတွေကတော့ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ဟန်ဂေရီနဲ့ ရုရှားနိုင်ငံတို့ ဖြစ်ကြပါတယ်။ တရုတ်နိုင်ငံကတော့ ငွေ ၁ ခု၊ ကြေး ၃ ခုနဲ့ စုစုပေါင်း ဆုတံဆိပ် ၄ ခု ရရှိထားပြီး ဖြစ်ပါတယ်။

သေနတ်ပစ်ပွဲစဉ်ထဲက အမျိုးသမီး ရိုင်ဖယ်ပွဲစဉ်မှာ အမေရိကန်က အသက် ၁၉ နှစ်အရွယ် Ginny Thrasher က တရုတ်က Du Li နဲ့Yi Siling တို့ကို အနိုင်ရပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးသွားပါတယ်။

ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံက မြှားပစ်အားကစားသမား မစန်းယုထွေးက သောကြာနေ့က ကျင်းပခဲ့တဲ့ အမျိုးသမီးတဦးချင်းမြှားပစ် လက်ရည်စစ်ပြိုင်ပွဲ (Ranking round) မှာ အဆင့် ၅၁ ရခဲ့ပြီး တနင်္လာနေ့မနက်မှာ ဆက်လက် ယှဉ်ပြိုင်အုံးမှာ ဖြစ်ပါတယ်။

၂၀၁၆ ရီယို အိုလံပစ်ပွဲတော်ဖွင့်ပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းတို့လည်း တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG