ဘရာဇီးနိုင်ငံ Rio de Janeiro မြို့မှာ ၄ ရက်မြောက်နေ့အဖြစ် ကျင်းပနေတဲ့ အားကစားပြိုင်ပွဲတွေမှာ အမေရိကန်က ဆုတံဆိပ်အများဆုံးနဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။ အမေရိကန် အိုလံပစ်ရေကူးချန်ပီယံ Michael Phelps ဟာ အမျိုးသား မီတာ ၂၀၀ လိပ်ပြာကူးနည်းအတွက် တတိယမြောက် အိုလံပစ်ရွှေတံဆိပ်ဆုကို ရရှိသွားခဲ့ပါတယ်။
ဒါဟာ သူ့အတွက် အခု ၂၀ မြောက် အိုလံပစ်ရွှေတံဆိပ်ဆု ဖြစ်ပါတယ်။ အခုဆိုရင် အိုလံပစ်ဆုတံဆိပ် စုစုပေါင်း ၂၄ ခု ရရှိထားတဲ့ Michael Phelps ဟာ အိုလံပစ်သမိုင်းမှာ ဆုတံဆိပ် အများဆုံး ရထားတဲ့ အိုလံပစ်အားကစားသမားတယောက်ဖြစ်ပါတယ်။
အမျိုးသမီးရေကူးမှာလည်း အမေရိကန်အသင်းက Katie Ledecky က မီတာ ၂၀၀ အလွတ်ကူးမှာ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ဂျွမ်းဘားအားကစားမှာလည်း အမေရိကန်အမျိုးသမီးအသင်းက ရွှေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။ တခါ အမျိုးသမီး ဘောလုံးပွဲမှာတော့ အုပ်စု F က ကနေဒါနဲ့ ဂျာမနီ ပွဲမှာ ကနေဒါက ဂျာမနီကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ကို တက်သွားပါပြီ။ သြစတြေးလျနဲ့ ဇင်ဘာဘွေအသင်းတို့ပွဲမှာတော့ သြစတြေးလျအသင်းက ဇင်ဘာဘွေကို ၆ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ကွာတာကို တက်သွားပြီဖြစ်ပါတယ်။
အိမ်ရှင် ဘရာဇီးအသင်းအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ဂျူဒိုအားကစားမယ် Rafaela Silva က ဆွတ်ခူးပေးခဲ့ပါတယ် လက်ရှိ ဆုတံဆိပ် ဇယားမှာ အမေရိကန်က ရွှေတံဆိပ် ၈ ဆုအပါအဝင် စုစုပေါင်း ဆုတံဆိပ် ၂၄ ခုနဲ့ ဇယားထိပ်ဆုံးမှာရှိပါတယ်။ တရုတ်နိုင်ငံကလည်း ရွှေတံဆိပ် ၈ ခုရထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံက ရွှေတံဆိပ် ၂ ဆုအပါအဝင် စုစုပေါင်း ဆု တံဆိပ် ၄ ခု၊ ဗီယက်နမ်က ရွှေ ၁ ခု၊ အင်ဒိုနီးရှားက ငွေတံဆိပ် ၂ ခု၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ကလည်း ငွေတံဆိပ်ဆု ၁ ခုစီရရှိထားကြပါတယ်။
အားကစားနည်း ၅ မျိုးမှာ ဝင်ရောက်ပြိုင်ဆိုင်နေတဲ့ မြန်မာနိုင်ငံအသင်းက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ မီတာ ၅၀ ပစ်စတိုသေနတ်ပြစ်ပွဲနဲ့ ကြာသပတေးနေ့ကျရင် မြှားပြစ်ပြိုင်ပွဲ၊ သောကြာနေ့မှာ အမျိုးသမီးရေကူးနဲ့ ပြေးခုန်ပြစ်ပြိုင်ပွဲတွေမှာ ဆက်ပြီး ပြိုင်ဆိုင်ရမှာဖြစ်ပါတယ်။