သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ အိုလံပစ်ဆုရှင် ၄ ဦး တားမြစ်ဆေးကြောင့် ဆု ရုပ်သိမ်းခံရ


၂၀၀၈ ခုနှစ် ဘေဂျင်းအိုလံပစ် အားကစားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူတွေထဲက နောက်ထပ် အားကစားသမား ၆ ဦးဟာ တားမြစ်ဆေး သုံးစွဲမှုရှိကြောင်း ဆေးပြန်စစ်ရာကနေ တွေ့ရှိခဲ့တာမို့ သူတို့ကို အရည်ချင်း မမှီတဲ့အတွက် နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC က ပယ်ချခဲ့ပါတယ်။ အဲဒီ ၆ ဦးထဲက ၄ ဦးဟာ သူတို့ပြိုင်ပွဲဝင်တဲ့ အားကစားပွဲတွေမှာ ဆုတံဆိပ်တွေ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှားက အလေးမသမားတွေဖြစ်ကြတဲ့ Nadezda Evstyukhina နဲ့ Marina Shainova တို့ဟာ ကြေးတံဆိပ်နဲ့ ငွေတံဆိပ်ဆု အသီးသီး ဆွတ်ခူးခဲ့ကြတာမို့ သူတို့ရဲ့ ဆုတွေကို ပြန်ရုပ်သိမ်းကြောင်း IOC က ဗုဒ္ဓဟူးနေ့ မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ တာတို အပြေးသမား Tatyana Firova ကတော့ ၂၀၀၈ အိုလံပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့သူဖြစ်ပြီး သူလည်း ဆုတံဆိပ်ကို လက်လွှတ်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကြေးတံဆိပ်ဆုရခဲ့တဲ့ အာမေနီယံ အလေးမသမား Tigran Martirosyan၊ နောက် အလေးမသမားတွေဖြစ်တဲ့ Moldova က Alexandru Dudoglo နဲ့ Azerbaijan က Intigam Zairov တို့လည်း အရည်ချင်းမမီကြောင်း ကျေညာချက်မှာ ဖေါ်ပြထားပါတယ်။

တားမြစ်ဆေး သုံးစွဲမှုရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာ၊ အခု မကြာခင်က ကျင်းပခဲ့တဲ့ Rio အိုလံပစ်ပြိုင်ပွဲအတွက် ရုရှားနိုင်ငံက ပါဝင်ယှဉ်ပြိုင်ကြမယ့် အားကစားသမား ၃၈၇ ယောက်ထဲက ၂၇၁ ဦးကိုပဲ IOC က ပါဝင်ယှဉ်ပြိုင်ခွင့် ပြုခဲ့တာပါ။

Rio အိုလံပစ် ပွဲတော်က ပြေးခုန်ပစ်ပွဲစဉ်တွေမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် သူတွေထဲက အတားမြစ်ခံသူ အများဆုံးပါတဲ့ အဖွဲ့ဟာ ရုရှားဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG