သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်အမျိုးသားရေကူး အမေရိကန် ရွှေတံဆိပ် ဆွတ်ခူး


အိုလံပစ် မီတာ ၄၀၀ အမျိုးသားအလွတ်ကူးပြိုင်ပွဲမှာ ၄ မိနစ်၊ ၅.၁၈ စက္ကန့်နဲ့ ရွှေတံဆိပ်ရသွားသူ Ryan Lochte ( ဌူလိုင် ၂၈၊ ၂၀၁၂။)
အိုလံပစ် မီတာ ၄၀၀ အမျိုးသားအလွတ်ကူးပြိုင်ပွဲမှာ ၄ မိနစ်၊ ၅.၁၈ စက္ကန့်နဲ့ ရွှေတံဆိပ်ရသွားသူ Ryan Lochte ( ဌူလိုင် ၂၈၊ ၂၀၁၂။)
လန်ဒန်အိုလံပစ်အားကစားပြိုင်ပွဲက စနေနေ့ည အမျိုးသားမီတာ (၄၀၀) တစ်ဦးချင်း အလွတ်ကူးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ အိုလံပစ် ရေကူး ရွှေတံဆိပ် (၁၆) ခု ပိုင်ရှင် ကမ္ဘာကျော် အမေရိကန် ရေကူးချန်ပီယံ မိုက်ကယ် ဖယ့်လ်ပ် (စ်) (Michael Phelps) ဟာ စတုတ္ထ နေရာ ကနေ ပန်းဝင်ခဲ့တာကြောင့် ဒီပွဲမှာ ရွှေတံဆိပ်နဲ့ လွဲခဲ့ရပါတယ်။

နောက်ထပ်အမေရိကန် ရေကူးသမားဖြစ်တဲ့ ရိုင်ယင် လော့က်တီး (Ryan Lochte)က ၄ မိနစ် ၅.၁၈ စက္ကန့်နဲ့ ရွှေတံဆိပ် ရရှိသွားခဲ့ပါတယ်။ နောက်ထပ် အများမျှော်လင့်သလို ဖြစ်မလာတဲ့ ပြိုင်ပွဲကတော့ အမျိုးသား ကီလိုမီတာ ၂၅၀ စက်ဘီးပြိုင်ပွဲပါ။ ဗြိတိသျှပရိဿတ် အကြီး အကျယ် မျှော်လင့်ထားကြတဲ့ မာ့ခ်ကေဗင်ဒစ်ရှ် (Mark Cavendish) ဟာ တံဆိပ်တစ်ခုမှ မရရှိဘဲ ဒီပွဲမှာ ခါဇက်ခ်စတန် (Kazakhstan) နိုင်ငံက အလက် ဇန္ဒား ဗီနိုခူရော့ဗ် (Alexander Vinokourov) က ၅ နာရီ ၄၅ မိနစ် ၅၇ စက္ကန့်နဲ့ ပန်းဝင်ပြီး ရွှေတံဆိပ်ရရှိသွားပါတယ်။

တင်းနစ်ပြိုင်ပွဲမှာတော့ ဆွစ်ဇာလန်က ရော်ဂျာဖယ်ဒါရာ (Roger Federer) အမျိုးသားပြိုင်ပွဲမှာ အနိုင်ရပြီးတော့ အမေရိကန်ပြည်ထောင်စုက ဆယ်ရီနာဝီလီယမ်စ် (Serena Williams) အမျိုးသမီးပြိုင်ပွဲမှာ အနိုင်ရသွားပါတယ်။ ကီလို (၆၀) အောက် အမျိုးသား ဂျူဒိုပြိုင်ပွဲမှာ ရုရှက အာဆီးန်ဂါစတီးလ်ယန်း (Arseen Galstyan) က အနိုင်ရပါတယ်။

အားလုံးကမျှော်လင့်ထားတဲ့ အမေရိကန်အမျိုးသမီး ဘတ်စကက် ဘောအသင်းက ခရိုအေးရှားအသင်းကို (၈၁)မှတ် (၅၄) မှတ်နဲ့ အနိုင်ရခဲ့ ပါတယ်။ အယ်လ် ဘေးနီးယား အလေးမသမား ဟိုစိန်ပူလာကူ (Hysen Pulaku) ဟာ တားမြစ်ဆေး steroids အသုံးပြုတာ စစ်ဆေးတွေ့ရှိ ရလို့ ပြိုင်ပွဲကနေ အထုတ်ခံခဲ့ရပါတယ်။

မလေးရှားက အသက် (၂၉) နှစ်အရွယ် (၈) လ ကိုယ်ဝန်ဆောင် အမျိုးသမီး နာဆူယာနီ မိုဟာမက်ထိုင်ဘီ (Nur Suryani Mohamad Taibi) ကတော့ (၁၀) မီတာ လေသေနတ်ပစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် (၅၆) ဦးထဲမှာ အဆင့် (၃၄) ရရှိပြီး သူဟာ လာမယ့် စက်တင်ဘာ (၁၃) ရက်နေ့မှာ မီးဖွားမှာ ဖြစ်ပါတယ်။
XS
SM
MD
LG