သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမှုဖြစ်နေတဲ့ အိန္ဒိယသံတမန် ကုလသမဂ္ဂဘက် လွှဲပြောင်း တာဝန်ပေး


အမေရိကန်ဆိုင်ရာ အိန္ဒိယ ဒုတိယကောင်စစ်ဝန် Devyani Khobragade
အမေရိကန်ဆိုင်ရာ အိန္ဒိယ ဒုတိယကောင်စစ်ဝန် Devyani Khobragade
အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံအကြား သံတမန်ရေး အငြင်းပွားနေတဲ့ ကိစ္စမှာ ပတ်သက်နေတဲ့ သူတို့ရဲ့ အမေရိကန်နိုင်ငံဆိုင်ရာရုံးက သံဝန်ထမ်းကို ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ရုံးကို ရွှေ့ပြောင်းပေးလိုက်တယ်လို့ အိန္ဒိယ ပြောပါတယ်။

ဒီလိုရွှေ့ပြောင်းပေးလိုက်ခြင်းအားဖြင့် ပြည်ဝင်ခွင့်ကိစ္စရပ်မှာ မမှန်မကန် လုပ်ဆောင်မှု၊ အိမ်အကူမိန်းကလေးကို လစာနှိမ်ပြီးပေးမှုတွေနဲ့ အပြစ်ကျ ခံရမယ့်အရေးကနေ သံတမန်ရေးအရ အကာအကွယ်ရလိမ့်မယ်လို့ အိန္ဒိယက မျှော်လင့်ထားတာပါ။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ကလည်း သူ့ကို ကုလသမဂ္ဂရုံးဆီ ရွှေ့ပြောင်းခန့်ထားတာကို အမေရိကန် နိုင်ငံခြားရေးဌာနက ခွင့်ပြု၊ မပြု အပေါ်မှာ မူတည်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကတော့ အသက် ၃၉ နှစ်အရွယ် Ms. Devyani Khobragade ကို ကုလသမဂ္ဂ အဖွဲ့ကို ရွှေ့ပြောင်းခန့်ထားကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဆီ အကြောင်းကြားထားပြီးပြီလို့ ပြောပါတယ်။

စစ်ဆေးမေးမြန်းချိန်အတွင်း Ms. Khobragade ကို ဆက်ဆံခဲ့ပုံတွေအပေါ် အိန္ဒိယအရာရှိတွေက မကျေနပ်ဘဲ ကန့်ကွက်ကြတာဖြစ်ပြီး သူ့ကို စွဲထားတဲ့ အမှုတွေအားလုံးကို ပယ်ဖျက်ပေးစေချင်တာပါ။ သူ့ကို အဝတ်အစားတွေ ဖယ်ရှားပြီး ကိုယ်ပေါ်မှာ စစ်ဆေးတယ်၊ လက်ထိပ်ခတ်ထားခဲ့တယ်လို့ Ms. Khobragade ကပြောပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ Khobragade ကို နောက်တော့ အာမခံ ဒေါ်လာငွေနှစ်သိန်းခွဲနဲ့ လွှတ်ပေးလိုက်တာပါ။

Ms. Devyani Khobragade ဟာ နယူးယောက်မြို့ အိန္ဒိယကောင်စစ်ဝန်ရုံးမှာ ဒုတိယကောင်စစ်ဝန်ဖြစ်လို့ အမေရိကန်ဥပဒေတွေကနေ သံတမန်ရေး အကာအကွယ် သိပ်မရပါဘူး။ တကယ်လို့ သူ့မှာအပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် သူဟာ ထောင်ဒဏ် ၁၂ နှစ်အထိ ကျခံရနိုင်ပါတယ်။
XS
SM
MD
LG