သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစာပြည့်ဆေးခွင့်ပေးဖို့ အိုဘားမား အလုပ်သမားနေ့ကြေညာ


အမေရိကန်သမ္မတ ဘာရက် အိုဘားမားဟာ တနင်္လာနေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့ အားလပ်ရက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဗဟိုအစိုးရဆီမှာ ကန်ထရိုက်နဲ့ အလုပ်လုပ်နေတဲ့ ဝန်ထမ်းပေါင်း သုံးသိန်းအတွက် လစာအဖြတ်မခံရဘဲ ဆေးခွင့်ယူနိုင်မယ့်ခံစားခွင့်ကို အတည်ပြုပေးလိုက်ပါတယ်။

သမ္မတအဖြစ်တာဝန်ယူတဲ့ နောက်ဆုံး ၁၆ လ ရောက်နေသူ ဒီမိုကရက် ပါတီဝင် အိုဘားမားဟာ ရီပတ်ဘလစ်ကန်ပါတီတွေ ထိန်းချုပ်ထားတဲ့ လွှတ်တော်မှာ အလုပ်သမားတွေသက်သာချောင်ချိရေး အဆိုပြုချက်တွေ တင်သွင်းခဲ့ပေမယ့် အတိုက်အခံတွေဘက်က ပယ်ချခြင်းခံခဲ့ရပါတယ်။

ဘော်စတွန်မြို့မှာ ကျင်းပတဲ့ လုပ်သားသမဂ္ဂအဖွဲ့တွေ စုဝေးပွဲမှာ သမ္မတ က ၂၀၁၇ ခုနှစ်ကစပြီး ဗဟိုအစိုးရနဲ့ ကန်ထရိုက် စာချုပ်ချုပ်ပြီး အလုပ်လုပ်နေတဲ့ ဝန်ထမ်းအားလုံး တစ်နှစ်ကို လစာမဖြတ်ဘဲ ဆေးခွင့် ၇ ရက်အထိခံစားခွင့်ရစေမယ့် သမ္မတအမိန့်ကို အဲဒီအခမ်းအနားကိုတက်ရောက်ဖို့ လာရောက်နေစဉ် Air Force One လေယာဉ်ပေါ်မှာပဲ လက်မှတ်ရေးထိုးလိုက်ပြီလို့ အိုဘားမားက ပြောပါတယ်။

ဒီဆေးခွင့်ယူနိုင်တဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ သူတို့ကိုယ်တိုင်နဲ့သားသမီး၊ မိဘနဲ့ ဇနီးခင်ပွန်းလို မိသားစုဝင်တွေကို ပြုစုစောင့်ရှောက်နိုင် ကြမှာ ဖြစ်ပါတယ်။

အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဝင်တွေဟာ အလုပ်လုပ်နေတဲ့ အမေရိကန်တွေအပေါ်မှာ စဉ်ဆက်မပြတ် တိုက်ခိုက်နေကြတယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

စီးပွားရေး အဆင့်မြင့်မားတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စုဟာ ဝန်ထမ်းတွေအတွက် လစာမဖြတ်တဲ့ ဆေးခွင့် ဒါမှမဟုတ် မီးဖွားခွင့်ရဖို့ အာမခံချက်မပေးနိုင်သေးတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်တယ်လို့လည်း သမ္မတက ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ အလုပ်ရှင်တွေဟာ သူတို့ရဲ့ ဝန်ထမ်းတွေအတွက် ခံစားခွင့်တွေ ပေးနေပေမယ့် တစ်နိုင်ငံံလုံး လုပ်သားအင်အားရဲ့ ၄၀ ရာခိုင်နှုန်းရှိပြီး ဝင်ငွေနည်း ဝန်ထမ်းအများစုပါဝင်တဲ့ ပုဂ္ဂလိက ဝန်ထမ်း ၄၄ သန်းကတော့ လစာမဖြတ်တဲ့ ဆေးခွင့်ယူနိုင်တဲ့ ခံစားခွင့်မရရှိကြပါဘူး။

XS
SM
MD
LG