ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ်မှာ ဓါးနဲ့ တိုက်ခိုက်သူဟာ အစွန်းရောက် လှုပ်ရှားမှုအဖွဲ့ဝင်တဦးဖြစ်တယ်လို့ IS အကြမ်းဖက်အဖွဲ့ သတင်းဌာနက ပြောဆိုလိုက်ပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံမှာ အစွန်းရောက်အဖွဲ့တွေကို ချေမှုန်းနေတဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ IS အဖွဲ့ရဲ့ လှုံ့ဆော်စည်းရုံးမှုကြောင့် အခုလို တိုက်ခိုက်တာလို့ အကြမ်းဖက်တွေရဲ့ Aamaq သတင်းဌာနက ဒီကနေ့ မနက်အစောပိုင်းမှာပြောပါတယ်။
ဒါပေမယ့်လည်း သေဆုံးသူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာမျိုးကိုတော့ အထောက်အထားနဲ့ အတိအကျ ပြောဆိုနိုင်တာမျိုးတော့မရှိပါဘူး။ ပြင်သစ်နိုင်ငံဟာ ၂၀၁၄ ခုနှစ်ကတည်းက မဟာမိတ်တွေနဲ့အတူ IS ချေမှုန်းရေး တက်တက်ကြွကြွ ဆောင်ရွက်လာတာပါ။ ပြင်သစ်သမ္မတ Emmanuel Macron ကတော့ လွတ်လပ်မှုရဲ့ ရန်သူတော်တွေနဲ့ ဘယ်တော့မှာ စေ့စပ်ကြေအေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်သမားကို သုတ်သင်နိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကိုလည်း ချီးကျူး ပြောဆိုသလို ဒဏ်ရာရသေဆုံးသူတွေ အတွက်လည်း ၀မ်းနည်းကြောင်း twitter မှာ ရေးသားပါတယ်။ ဒီ ဓါးနဲ့ တိုက်ခိုက်မှုအတွင်း လူ တဦးထက်မနည်း သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားပါတယ်။ နာမည်ကျော် ကဇာတ်ရုံတွေနဲ့ စားသောက်ဆိုင်တွေ ရှိတာကြောင့် လူစည်ကားလှတဲ့ အမှတ် ၂ ခရိုင်အတွင်း ဒီတိုက်ခိုက်မှုဖြစ်ပွါးတာလို့ ရဲတပ်ဖွဲ့က twitter ကနေတဆင့် သတင်းထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်သူဟာ လူ ၅ ဦးကို ပစ်မှတ်ထားတိုက်ခိုက်ပြီး အဲဒီထဲက တဦးသေဆုံးသွားသလို ၂ ဦး အပြင်းအထန်ဒဏ်ရာရသွားပါတယ်။ အခြား ၂ ဦးကတော့ အနည်းအကျဉ်းပဲဒဏ်ရာရခဲ့တာပါ။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ပြင်သစ်နိုင်ငံဟာ IS အပြင် တခြား အကြမ်းဖက်အဖွဲ့တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။